close

နေပြည်တော်ရေပန်းဥယျာဉ်ကို နေပြည်တော်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ငှားရမ်း

နေပြည်တော်ရေပန်းဥယျာဉ်ကို အဆင့်မြှင့်တင်ဖို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံ နေပြည်တော်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို နှစ်ရှည်စာချုပ်တခုနဲ့ စက်တင်ဘာ ၂ ရက်နေ့က လက်မှတ်ထိုး ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ရေပန်းဥယျာဉ်ကို ရိုလာကိုစတာ၊ ရေလွှာလျှောစီး၊ ရေလှိုင်းတု အစရှိတဲ့ ကစားနည်းတွေအပါအဝင် ကစားနည်းပေါင်း ၄၈ မျိုးကို ၃ နှစ်စီမံကိန်းနဲ့ အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပါတယ်။

“အခုကာလကြီးမှာဗျာ၊ ဒါကြီးကို အဆင့်မြှင့်တင်လို့လည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ အထူးသဖြင့် အခြေခံလူတန်းစားတွေပေါ့၊ အစစ ကုန်ဈေးနှုန်း ဒီလောက်ကြီးနေတဲ့အချိန် ဒါတွေကို လုပ်ပြနေလို့လည်း ကျနော်တို့က စိတ်မဝင်စားနိုင်သေးဘူး။ ဒါမျိုးဆိုတာက ကုန်ဈေးနှုန်းတွေကျလို့၊ စားဝတ်နေရေး အဆင်ပြေနေမှ၊ ဖူလုံနေမှ အပန်းဖြေဖို့ စိတ်ဝင်စားလို့ရမှာပေါ့၊” လို့ နေပြည်တော်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

နေပြည်တော်ကောင်စီကတော့ ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နဲ့ ကိုက်ညီတဲ့ ခေတ်မီဥယျာဉ်ကြီးတခုအဖြစ် အဆင့်မြှင့် ‌အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီအနေနဲ့ ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်တဲ့နှုန်းထားနဲ့သာ ကောက်ဖို့၊ တိုင်းရင်းသားရိုးရာစားသောက်ဆိုင်တွေ ထည့်သွင်းထားဖို့၊ ပြပွဲတွေ ကစားကွင်းတွေ ထည့်သွင်းဆောင်ရွက်ဖို့အတွက်လည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ဖို့နဲ့ နှစ်ရှည်ငှားရမ်းခွင့်တွေအတွက် တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီဟာ ဆန်းမြင့်ထွန်းကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဈေးသစ်ကို ဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရေပန်းဥယျာဉ်ကို ၃ နှစ်စီမံကိန်းနဲ့ အဆင့်မြှင့်တင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အတွင်း ဖော်ပြခဲ့ပေမယ့်လည်း နှစ်ရှည်ငှားရမ်းမှုကိုတော့ ကာလအပိုင်းအခြားနဲ့ ငှားရမ်းခငွေကြေးကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up