close

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ၁၂ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကုန်းမော်ရွာနဲ့ ဆိတ်သာရွာတို့မှာ စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက် ပစ်ခတ်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကုန်းမော်ကျေးရွာမှာ ဒေသခံပြည်သူ ၁၂ ဦး ဖမ်းဆီးခံရပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသား ခြေထောက် သေနတ်မှန်ခဲ့ကာ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူ တင်ပါး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဒီဘက်မှာက ဖုန်းလိုင်းမရတာနဲ့ ပြေးနေရတာနဲ့ သတင်းကို အချိန်မီ မပြောနိုင်ဘူး။ စစ်ကြောင်းထိုးတဲ့ တပ်က တပ်မ ၂၂ က။ အရင်တခေါက် မီးရှို့ပြီး မလောင်ဘဲနဲ့ ကျန်ခဲ့တဲ့ အိမ်တွေကနေ ဝက်၊ ကြက်နဲ့ ပစ္စည်းတွေ သယ်သွားတယ်။ သေနတ်မှန်တဲ့ သားအဖကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေ နေအိမ်ကနေ ယူဆောင်သွားတဲ့ ဝက်၊ ကြက်နဲ့ ပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၂၀၀ ဖိုးခန့် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ဝင်ဝကျေးရွာနဲ့ ထုံးကြီးရွာကြား စခန်းချခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့မှာ ထုံးကြီးရွာတွင် စခန်းချကာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက တပ်ချောင်းဝန်းကျင်မှာ ပကဖအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကုန်းမော်ရွာမှာ စစ်ကြောင်းထိုးပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အိမ်ခြေ ၇၀ ကျော် မီးရှို့ကာ နွားအကောင် ၂၀ ခန့်နဲ့ ဆန်၊ ဆီတွေလည်း သယ်ဆောင်သွားခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up