ဇာပိုရစ်ချ်ဇီယာ နျူဓာတ်အားပေးစက်ရုံတဝိုက် စစ်မဲ့နယ်မြေသတ်မှတ်ရန် ကုလတိုက်တွန်း

ယူကရိန်းနိုင်ငံထဲက ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေး စက်ရုံတဝိုက်မှာ စစ်မဲ့နယ်မြေတခု သတ်မှတ်ရေး သဘောတူကြဖို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ရုရှားနဲ့ ယူကရိန်းတို့ကို စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ရှေ့မှောက်မှာပြောတဲ့ ဂူတားရက်စ်ရဲ့ မှတ်ချက်စကားတွေကို နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ချုပ် ရာဖယ်မာရီယာနို ဂရော့စီကလည်း သံယောင်လိုက် ပြောဆိုပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူဓာတ်အားပေးစက်ရုံ အပါအဝင် ယူကရိန်း နိုင်ငံထဲက အခြေအနေတွေကို ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒုံးကျည်ပစ်လွှတ်ခြင်း ဘေးကင်းရေးဆိုင်ရာ အကြံပြုချက်တွေ၊ ဝန်ထမ်းအခြေအနေတွေ၊ စက်ရုံဝင်း ပြင်ပဓာတ်အား၊ ထောက်ပံ့ရေးကွင်းဆက်တွေ၊ အရေးပေါ် ကြိုတင်ပြင်ဆင်မှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ အကြံပြုချက်တွေ အပါအဝင် ယူကရိန်း အခြေအနေတွေကို အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။