ဗီယက်နမ်တွင် ကာရာအိုကေဘား မီးလောင်၊ အနည်းဆုံး ၁၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ကာရာအိုကေဘားတခု မီးလောင်မှုမှာ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရရှိကာ အများစုမှာ အခြေအနေ စိုးရိမ်ရကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၇ ရက်မှာ ကြေညာပါတယ်။
ဟိုချီမင်းစီးတီးနားက စက်မှုကုန်ထုတ် အချက်အချာနေရာဖြစ်တဲ့ ဘင်န် ဇွမ်းန် ခရိုင်မှာရှိတဲ့ ကာရာအိုကေဘားမှာ စက်တင်ဘာ ၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ VTV က ထုတ်ပြန်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ဖမ်မင်ချင်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အာဏာပိုင်တွေကို ဗုဒ္ဓဟူးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ကာရာအိုကေဘားတွေ အပါအဝင် မီးဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အဆောက်အအုံတွေမှာ လုံခြုံရေးစံနှုန်းတွေကို မြှင့်ထားဖို့ နိုင်ငံတဝန်းရှိ မြို့ကြီးတွေနဲ့ ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။
ကာရာအိုကေဟာ ဗီယက်နမ်မှာ ရေပန်းစားပေမဲ့လည်း လုပ်ငန်းနေရာတွေမှာ လုံခြုံရေးစံနှုန်းတွေ ပေါ့လျော့တာကြောင့် စိုးရိမ်မှုတွေ မြင့်နေရပါတယ်။
ပြီးခဲ့တဲ့လက ဟနွိုင်းရှိ တခြားကာရာအိုကေဘားတခု မီးလောင်မှုမှာ မီးသတ်သမား ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။