ယီမင်လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့်ကို အယ်လ်ကိုင်းဒါး သတ်ဖြတ်

ယီမင်နိုင်ငံတောင်ပိုင်း၊ အက်ဗြန်ပြည်နယ်ထဲမှာ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေက စက်တင်ဘာ ၆ ရက် တိုက်ခိုက်မှုအတွင်း ယီမင်လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်သွေးကြွတွေက အက်ဝှါးခရိုင်ထဲက လုံခြုံရေးစစ်ဆေးရေးဂိတ်တခုကို တိုက်ခိုက်ရာမှာ ဗုံးသီး လောင်ချာတွေ၊ အပေါ့စားနဲ့ အလတ်စား လက်နက်တွေနဲ့ စစ်သုံးယာဉ်တွေ သုံးခဲ့တယ်လို့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရသူ မိုဟမ်မဒ် အယ်လ် နာကစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်တောင်ပိုင်း ခွဲထွက်ရေးအုပ်စု (STC) ဟာ အယ်လ်ကိုင်းဒါးကို နှိမ်နင်းမယ့် လှုပ်ရှားမှုအဖြစ် ဖော်ပြထားတဲ့ သူတို့ရဲ့ တည်ရှိမှုကို အက်ဗြန်ပြည်နယ်တလျှောက်မှာ ပြီးခဲ့တဲ့လက တိုးချဲ့ခဲ့ပါတယ်။
ယီမင်နိုင်ငံရဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို မြို့တော် ဆာနားကနေ ဟူသီသူပုန်တွေက မောင်းထုတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လမှာ ညွန့်ပေါင်းအဖွဲ့ဟာ ယီမင်မှာ ဝင်ရောက်စွက်ဖက်ခဲ့တာပါ။
ဆော်ဒီ ကျောထောက်နောက်ခံပြု အစိုးရက နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်ပြီး နိုင်ငံမြောက်ပိုင်းမှာတော့ ဟူသီတွေက လက်တွေ့အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေ ဖြစ်နေခဲ့ပါတယ်။
အာရေဗျကျွန်းဆွယ်မှာရှိတဲ့ ယီမင်အခြေစိုက် အယ်လ်ကိုင်းဒါးအဖွဲ့ (AQAP) ကတော့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ အီရန်မဟာမိတ် ဟူသီတွေကြား ပဋိပက္ခကို သူ့ရဲ့ သြဇာလွှမ်းမိုးမှု တိုးမြှင့်ရေးအတွက် အသုံးချခဲ့ပါတယ်။