close

ထိုင်းနိုင်ငံ၊ လယောင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၈၀ ကျော် ရေကြီး

ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ လယောင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၇ ရက် မနေ့က မိုးသည်း တောင်ကျရေကျပြီး ကျေးရွာ အုပ်စုပေါင်း ၁၇ စုရှိ ရပ်ကွက် ၈၃ ခုမှာ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဓိကအားဖြင့် တောင်ကျရေတွေ ရုတ်တရက် ဝင်ရောက်လာတာကြောင့် ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘဲ ကားနဲ့ ဆိုင်ကယ်တွေ၊ နေအိမ်ပရိဘောဂတွေ ရေထဲမျောသွားပြီး ခြံစည်းရိုး အုတ်တံတိုင်းတွေ လဲပြိုတာ၊ တံတားကျိုးတာ၊ လမ်းပျက်စီးခဲ့တယ်လို့  ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဆမ်နတ်ထောင်းရပ်ကွက်ထဲမှာဆိုရင် ကျောင်းကြိုပို့ကားတစီး ကလေးတွေကို မနက် ကျောင်းသွားပို့နေစဉ် တောင်ကျချောင်းရေ ရုတ်တရက်ဆင်းလာလို့ ရေထဲမှာပဲ ကားစက်ရပ်သွားခဲ့ပါတယ်။ အဲဒီနောက် ရေတွေနဲ့အတူ မျောပါနေစဉ် ကယ်ဆယ်ရေး အဖွဲ့တွေက ကားကို ကြိုးနဲ့ဆွဲပြီး ဓာတ်တိုင်နဲ့ချည်ထားကာ ကျောင်းသားငယ် ၉ ယောက်ကို ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ လယောင်းဆုခိုမစ်လမ်းပေါ်မှာလည်း ကျောင်းသားတွေ လိုက်ပါလာတဲ့ မှန်လုံကား ၁ စီး လမ်းကိုချိုးကွေ့လိုက်စဉ် ရေတွေပြည့်နေတဲ့ မြောင်းထဲကျသွားပါတယ်။ နောက်ကလိုက်လာတဲ့ ကားပေါ်ကလူတွေ အဆိုပါကားကို ရေထဲမျောမသွားအောင် ကြိုးနဲ့ ဝိုင်းဆွဲရင်း ကားထဲက ကလေး ၁၀ ယောက်ကျော်ကို တယောက်ချင်းစီ ဆွဲထုတ် ကယ်တင်ခဲ့ရပါတယ်။

ကယ်ဆယ်ရေးလုပ်သားတယောက်ကလည်း လမ်းမလျှောက်နိုင်တဲ့ လူနာတယောက်ကို သွားရောက်ကယ်ထုတ်စဉ် အုတ်တံတိုင်းပြိုကျလာလို့ သတိမေ့သွားပြီး ဒီကနေ့ထိ သတိမလည်သေးဘူးလို့ ဆိုပါတယ်။

ဆိုင်ကယ်စီးနေသူတယောက်လည်း ရေစီးထဲမျောပါသွားပြီး ဓာတ်တိုင်တခုမှာ သွားတစ်ဆို့နေတုန်း ကယ်ဆယ်ရေးတွေက သွားရောက်ဆွဲထုတ်ခဲ့ပါတယ်။

ရပ်ကွက်တချို့မှာဆိုရင် ရေက ခေါင်မိုးတံစက်မြိတ်ထိ မြင့်တက်ခဲ့ပါတယ်။ လယောင်းမှာ အရင်နှစ်တွေလည်း ရေကြီးတာရှိပေမဲ့ ဒီလောက်မပြင်းထန်ကြောင်း၊ ဒီတကြိမ်တော့ နှစ်ပေါင်း ၃၀ အတွင်းမှာ အဆိုးရွားဆုံး ရေကြီးမှုဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၈ ရက် ဒီကနေ့မနက်မှာတော့ ရေတွေ ပြန်ကျသွားပေမဲ့ တချို့နေရာမှာ ရေတွေ အိုင်ထွန်းကျန်နေဆဲဖြစ်ပြီး ရွှံ့နွံတွေ သန့်ရှင်းရေးလုပ်ကာ ပျက်စီးသွားတဲ့ လမ်းတံတားတွေ ပြုပြင်တာ၊ ပုံမှန်ပြန်နေလို့ မရသေးတဲ့ ရေဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာဝေငှတာ၊ အလှူခံမဏ္ဍပ်ဖွင့်ကာ ရေဘေးသင့်ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ လယောင်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၅၁ ခရိုင်မှာ စက်တင်ဘာ ၉ ရက်အထိ မိုးဆက်ရွာနေဦးမှာဖြစ်ပြီး တချို့ဒေသမှာ မိုးထစ်ချုန်းရွာကာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းမိုးဇလဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up