close

တမူးမြို့နယ်၌ WY ဆေးပြားများထည့်ထားသည့် ပီနံအိတ် ၅ လုံး တမူး PDF သိမ်းဆည်း

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခွန်မွန်းနွန်ကျေးရွာအနီးမှာ စိတ်ကြွရူးသွပ်ဆေးပြား (WY) တွေ ပီနံအိတ်ဖြူ ၅ လုံးနဲ့ သယ်ဆောင်လာတာကို တမူး PDF တပ်ရင်း-၃ က စစ်ဆေးရှာဖွေတွေ့ရှိကာ သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းက ခွန်မွန်းနွန်ကျေးရွာအနီးမှာ မန္တလေးမြို့ကနေ တမူးမြို့ဘက် မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစီးကို ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ သိုဝှက်သယ်ဆောင်လာတဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြား (WY) အများအပြားထည့်ထားတဲ့ ပီနံအိတ်ဖြူ ၅ လုံးကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

တမူး PDF တပ်ရင်း-၃ တာဝန်ခံ ရဲဘော်တယောက်က “ဖမ်းဆီးထားတဲ့လူက တမူးမြို့ ဒေသခံပဲ။ သူက ခရီးသည်တင်လို့ရတဲ့ အိမ်စီးကားတစီးနဲ့ ကုန်တွေသယ်ပြီးတော့ ကြားမှာ ဖွက်လာခဲ့တာ။ ကားထဲမှာ သူတယောက်ပဲပါတယ်။ ဆေးပြားအလုံးအရေအတွက်နဲ့ ကာလတန်ဖိုးကတော့ စိစစ်နေဆဲမို့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့ ကွင်းဆက် တရားခံတွေကို ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့ တမူး PDF က ပြောပါတယ်။

ဩဂုတ် ၃၀ ရက်ကလည်း တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ စစ်တပ်ထုတ်ကုန် ဒဂုံဘီယာဖာ ၂၀၀ ကို တမူး PDF က သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုအရ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ စီးပွားရေးတွေဖြစ်ပြီး Boycott စာရင်းမှာ ပါဝင်တဲ့ တားမြစ်ထုတ်ကုန်တွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ ရွှေမှောင်ခိုလုပ်ငန်းတွေ၊ တရားမဝင် ငွေမည်းမှောင်ခိုလုပ်ငန်းတွေ၊ သစ်မှောင်ခိုလုပ်ငန်းတွကို ဆက်လက်ဖမ်းဆီး ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း People's Defense Force Tamu တပ်ရင်း-၃ က အသိပေး ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up