close

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ နာရီဝက်ခန့်ကြာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးတောင်ဘို့တိုက်နယ် ဇီးကနားအုပ်စု ကျေးရွာတွေအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး Mi 17 ထောက်ပို့ရဟတ်ယာဉ် နှစ်စင်းနဲ့ တပ်ဖွဲ့ဝင်အင်အား ၁၃၀ ခန့်ကို ၄ ကြိမ် ချပေးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်နဲ့ ပစ်ခတ်ပြီး လမ်းကြောင်းရှင်းတဲ့ ပုံစံမျိုး လုပ်သွားတာ။ နောက်ပြီး ရဟတ်ယာဉ်နှစ်စင်းနဲ့ နှောကုန်းရွာ အနောက်ဘက်မှာ ၂ ခါ၊ လျှော်ဖြူကုန်းရွာနဲ့ ဇီးကနားရွာ အနောက်ဘက်ကို ၁ ခါစီ၊ စုစုပေါင်း ၄ ခါ လူချသွားတယ်။ အဲ့ဒီချပေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ပြီး စစ်ကြောင်းထိုးလာတာ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) က PDF တွေရှိမယ်အထင်နဲ့ ရွာတွေဘက်ကို လာသောင်းကျန်းတာပဲ။ အသေပျောက်တော့ မသိရသေးဘူး။ ရွာကလူတွေတော့ ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နှောကုန်းကျေးရွာနဲ့ ဇီးကနားကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထွက်ပြေးချိန်မရဘဲ ပိတ်မိနေလို့ ဖမ်းဆီးခံထားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ နှောကုန်းနဲ့ ဇီးကနားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားပြီး ဒေသခံတွေက ကျေးရွာအတွင်း ပြန်မဝင်ရဲဘဲ တောထဲတွေနဲ့ ဘေးကင်းနိုင်မယ့် နီးစပ်ရာ နေရာတွေမှာ ခိုကပ်နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်က စတင်ကာ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိနေပြီး လေကြောင်းက ပစ်ခတ်တာတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up