အယ်လ်ဘေးနီးယားက အီရန်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

အယ်လ်ဘေးနီးယားနိုင်ငံဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီးတော့ အီရန်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီးနောက်မှာ အီရန်သံတမန်တွေဟာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက အယ်လ်ဘေးနီးယားကနေ မထွက်ခွာခင် နာရီပိုင်းအလိုမှာ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး ဗီွဒီယိုမိန့်ခွန်းထဲမှာ အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အက်ဒီ ရာမာက အီရန်သံတမန်တွေနဲ့ ဝန်ထမ်းတွေကို သံရုံးပိတ်ပြီး ၂၄ နာရီအတွင်း နိုင်ငံတွင်းကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အများပြည်သူဝန်ဆောင်မှုတွေကို ပျက်ပြားသွားစေတာ၊ ဒစ်ဂျစ်တယ်စနစ်တွေကို ဖျက်ဆီးပစ်ပြီး နိုင်ငံပိုင်မှတ်တမ်းတွေကို ခိုးဝင်ထွင်းဖောက်တာ၊ အစိုးရ အင်ထရာနက် အီလက်ထရွန်နစ်ဆက်သွယ်ရေးကို ခိုးယူပြီး တိုင်းပြည်မငြိမ်သက်မှုတွေနဲ့ မလုံခြုံမှုတွေကို နှိုးဆော်နေကြောင်း ရာမာက ပြောကြားခဲ့ပါတယ်။
အယ်လ်ဘေးနီးယားရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဝါရှင်တန်ကလည်း အဲဒီတိုက်ခိုက်မှုအတွက် အီရန်ကို အပြစ်တင်ခဲ့ပြီး အမေရိကန်ရဲ့ မဟာမိတ်လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေအတွက် အီရန်ကို ထပ်အရေးယူဖို့ တာဝန်ရှိကြောင်း ကတိပြုခဲ့ပါတယ်။
သံတမန်ဆက်ဆံရေးဖြတ်တောက်ဖို့ တီရာနာရဲ့ ဆုံးဖြတ်ချက်ကို တီဟီရန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်အတွက် အယ်လ်ဘေးနီးယားရဲ့ အကြောင်းပြချက်တွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ ခေါ်ဆိုလိုက်ပါတယ်။
စက်တင်ဘာ ၈ ရက် မနက်ပိုင်းကတော့ ဝန်ကြီးချုပ်ရုံးနဲ့ မီတာ ၂၀၀ အကွာမှာရှိတဲ့ တီရာနာရှိ သံရုံးအပြင်ဘက်မှာ ငြိမ်သက်နေပါတယ်။