မြောက်ကိုရီးယားက နျူကလီးယား အသုံးပြုခွင့်ဥပဒေ အတည်ပြု

မြောက်ကိုရီးယားနိုင်ငံဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေမှာ နျူကလီးယား အသုံးပြုပိုင်ခွင့်ရှိတဲ့ ဥပဒေတခုပြဋ္ဌာန်းအတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၉ ရက်မှာ ဖော်ပြပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ မြောက်ကိုရီးယားအနေနဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေပုံရကြောင်း လေ့လာသူတွေက ပြောကြားပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို နောက်ပြန်ဆုတ်လို့ မရတော့သလို နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲမှန်သမျှကိုလည်း တားမြစ်ထားကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေဟာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ကင်မ်ကို သူ့ရဲ့ လက်နက်တီထွင်မှုကို စွန့်လွှတ်ဖို့ စည်းရုံးရေး မအောင်မြင်ခဲ့ပါဘူး။
နိုင်ငံပိုင်ရုပ်မြင်သံကြား KRT ဟာ ကြာသပတေးနေ့က နိုင်ငံတော်တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ကင်မ်ဂျုံအန်းနဲ့ သူ့ဇနီး ရီဆိုဂျူတို့ တက်ရောက်နေတဲ့ ရုပ်သံဖိုင်ကိုလည်း သောကြာနေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အခြေခံဥပဒေမှာ နျူလက်နက်နိုင်ငံအဖြစ် ကြေညာထားပေမဲ့ ဥပဒေသစ်ဟာ တိုက်ခိုက်မှုကိုတုံ့ပြန်ဖို့ ဒါမှမဟုတ် ကျူးကျော်မှုကိုရပ်တန့်ဖို့ အပါအဝင် နျူကလီးယားလက်နက်တွေကို ဘယ်အချိန်မှာ အသုံးပြုနိုင်မယ် ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကျော်လွန်နေတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
ဒီဥပဒေဟာ တကယ်လို့ အစုလိုက်အပြုံလိုက် ပျက်စီးစေမယ့် သို့မဟုတ် နိုင်ငံရဲ့ ‘မဟာဗျူဟာပစ်မှတ်တွေ’ ကို ဖျက်ဆီးဖို့ လက်နက်တွေနဲ့ တိုက်ခိုက်မှု ဧကန်မလွဲ ဖြစ်လာတော့မယ်ဆိုပြီး ကြိုတင်လက်ဦးကာကွယ်တိုက်ခိုက်မယ့် နျူကလီးယား တိုက်ခိုက်မှုတွေကို လုပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။