close

ဆေးတက္ကသိုလ် ၇ ခုအတွက် လူဦးရေ ၁၃၀၀ ကျော်ကို လူတွေ့နှုတ်မေး စာမေးပွဲ ဖြေခွင့်ပြု

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ထားခဲ့သူတွေထဲက ၁၃၃၅ ဦးကို လူတွေ့နှုတ်မေး စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ရွေးချယ်ထားတယ်လို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ 

မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ် ၅ ခုရှိပြီးတော့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကတော့ ရန်ကုန်နဲ့ မန္တလေးမှာ တခုစီပဲရှိတာဖြစ်ပြီး ပြည်သူ့အစိုးရလက်ထက်မှာ အဲ့ဒီတက္ကသိုလ်တွေကို တနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေထဲက တကျောင်းကို ၁၅၀ ဝန်းကျင်လောက်ပဲ ရွေးချယ်တက်ရောက်စေခဲ့တာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက် ပြန်လည်ဖွင့်လှစ်လာတဲ့ ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို လျှောက်ထားတဲ့သူ များပြားခဲ့တာကြောင့် လူတွေ့နှုတ်ဖြေစာမေးပွဲအတွက် ကျောင်းတကျောင်းကို ၂၀၀ နီးပါးလောက်အထိ ဝင်ခွင့်ပေးဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ရည်ရွယ်ထားပုံရနေပါတယ်။

ယခင်က ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို ၆ ဘာသာ အမှတ်ပေါင်းအများဆုံးရသူတွေကိုသာ ရွေးချယ်တက်ရောက်ခွင့်ပြုခဲ့ရာမှ အခုနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ ၆ ဘာသာ ရမှတ်ပေါင်း ၄၅၀ မှတ် ပြည့်သူတွေကို ဆေးပညာနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝေဗဒ ဘာသာရပ်တွေမှာ ရမှတ်များသူတွေကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေပြီး ရွေးချယ်တက် ရောက်ခွင့်ပြုမယ့်စနစ်အဖြစ် ပြောင်းလဲထားတယ်လို့ ကျန်းမာရေးဌာနက ကြေညာထားတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဆေးတက္ကသိုလ်ကျောင်းသားတွေ၊ CDM ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းစီးထောင်ချခဲ့တာတွေနဲ့ အာဏာသိမ်းတာကိုလက်မခံတဲ့ ဆေးကျောင်းသား တွေ၊ ဆရာဝန်တွေက လွတ်မြောက်နယ်မြေတွေမှာ စစ်ကောင်စီကို တော်လှန်ဖို့ ရောက်ရှိသွားခဲ့တာကြောင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ လက်တလောဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အသုံးပြုလာပုံရတယ်လို့ ဆေးပညာအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

ဒါ့အပြင် ဆေးပညာသမိုင်းမှာ တခါမှမလုပ်ဘူးတဲ့ အစီအစဉ်ကို စစ်ကောင်စီက စီစဉ်လာခဲ့ပြီး အဲ့ဒီအစီအစဉ်ဟာ အစိုးရအစီအစဉ်နဲ့ ဆေးကျောင်းတက်မယ်ဆိုရင်တော့ တလကို ငွေကျပ် ၈၀၀ ပဲ ကုန်ကျမှာဖြစ်ပေမယ့် မိမိအစီအစဉ်နဲ့ ကျောင်းတက်ရောက်မယ်ဆိုရင်တော့ ပညာသင်ကာလ ပြီးဆုံးတဲ့အထိဆိုရင် ကျပ်သိန်း ၆၀၀ ဒါမှမဟုတ် ကျပ် သိန်း ၇၀၀ လောက် ကုန်ကျပြီး နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမယ့် အခြေအနေကနေ ကင်းလွတ်ခွင့်ရမယ့် အစီအစဉ်တခုကို ထည့်သွင်းခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up