မင်းပြားတွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးပြီး ပြည်သူ ၃၀ ခန့် ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ ပိတ်ဆို့စစ်ဆေးပြီး ဒေသခံပြည်သူ အယောက် ၃၀ လောက်နဲ့ မော်တော်ယာဥ်အစီး ၃၀ လောက်ကို ဖမ်းဆီးထားတယ်လို့ မင်းပြားမြို့ခံတွေက ေပြာပါတယ်။
မင်းပြားမြို့ ဘုရားဒကာလမ်းဆုံမှာ ဒီနေ့ စက်တင်ဘာ ၈ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေပေါင်းပြီး အပြစ်မဲ့ပြည်သူ ၃၀ လောက်နဲ့ ဆိုင်ကယ်၊ သုံးဘီး အစီး ၃၀ လောက်ကိုပါ ဖမ်းဆီးတဲ့အပြင် လက်ကိုင်ဖုန်းတွေကိုပါ သိမ်းဆည်းသွားကြတယ်လို့ မင်းပြားမြို့ ဒေသခံပြည်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီ စစ်(...)၊ ရဲ(...)တွေက ဦးဥတ္တမပန်းခြံနားမှာရှိတဲ့ ရဲစခန်းထဲကနေထွက်ပြီး ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတာဗျ။ အခုအချိန်ထိလည်း ဖမ်းနေတုန်းပဲ။ ဖမ်းထားတဲ့ ပြည်သူတွေကိုလည်း ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ပြန်မလွှတ်ပေးသေးဘူး။ ပုံစံကြည့်ရတာကတော့ ငွေညှစ်မယ့်သဘောရှိတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ သူတို့(...)တွေနဲ့ မလွတ်ကင်းတဲ့စာတွေ တင်ထားရင်တော့ အမှုဖွင့် အရေးယူမယ့် အနေအထားရှိတယ်။”
ဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက လိုလားနေပြီး ဖမ်းဆီးသွားတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ မင်းပြားမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
မြေပုံမြို့ အထွက်ဂိတ်နားက နတလရုံးရှေ့မှာ မနေ့ စက်တင်ဘာ ၇ ရက်က မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးကာ မြေပုံ-မင်းပြား ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်လအတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၆ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင်တပ်တော် (အေအေ) က သြဂုတ် ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။