close

ရသေ့တောင် နယ်ခြားစောင့်စခန်းမှ အရာရှိ ၁ ဦးနှင့် တပ်သားနှစ်ဦး အေအေထံ ခိုလှုံ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်ရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်မှ အရာရှိတဦးနဲ့ တပ်သားနှစ်ဦးတို့ စက်တင်ဘာ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ဆီ လက်နက်မဲ့ ထွက်ပြေးခိုလှုံလာတယ်လို့ အေအေနဲ့ နီးစပ်တဲ့သူတွေက အတည်ပြုပြောကြားပါတယ်။

“သူတို့က စက်တင်ဘာ ၆ ရက်နေ့က စခန်းက ထွက်ပြေးလာတာ။ စေတီပြင်ကျေးရွာအုပ်စုက ကျေးရွာတခုမှာ အေအေဘက်ကို ခိုလှုံခွင့်လာတောင်းခဲ့​ကြတာ။” 

အဆိုပါဘုရားတောင်နယ်ခြားစောင့်စခန်းမှာ မောင်တောမြို့နယ် ကျောင်ပန္ဒူ ကျေးရွာနဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအား ဖောက်လုပ်ထားတဲ့ မေယုတောင်ကျော်လမ်းနဲ့ ရသေတောင်အငူမော်-ဘူးသီးတောင် လမ်း ၃ ခွဆုံရှိ ဘုရားတောင်ပေါ်မှာ နေရာချထားတဲ့ စခန်းတခုလည်းဖြစ်ပါတယ်။

စေတီပြင်ကျေးရွာသားတဦးက “သူတို့ စခန်းက စေတီပြင်စျေးကတောင် စျေးမလာဝယ်ဝံ့ကြဘူး၊ ကျောက်ပန္ဒူဘက်က စျေးဝယ်ကြရတာ။ စေတီပြင်ရွာထဲက တိုက်နယ်ဆေးရုံအနီးမှာလည်း နယ်ခြားစောင့်စခန်းတခုတော့ရှိတယ်။ သူတို့စျေးလာဝယ်လာရင်လည်း လုံခြုံရေးအပြည့်နဲ့ စျေးလာဝယ်ကြရတယ်” လို့ ပြောပါတယ်။

အဆိုပါမေယုတောင်ကျော်လမ်းအား ၂၀၁၇ ခုနှစ် အကြမ်းဖက်မှူများအပြီး ၂၀၁၈ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဖွင့်လှစ်ထားခဲ့တာပါ။

အေအေ ဘက်ကတော့ မေယုတောင်တန်း အရှေ့ဘက်မှာ အဲလ်ဖာ(၂) စစ်အထူးဒေသအား အခိုင်အမာတည်ဆောက်ထားပြီး ၂၀၁၉ ခုနှစ် တိုက်ပွဲတွေမှာ ဖမ်းဆီးထားတဲ့ နယ်ခြားစောင့်တပ်ဖွဲဝင်တွေ ပါရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up