close

ဒွန်ဘတ်စ်ဒေသမှ ရုရှားတပ်များ ပြန်ဆုတ်

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသထဲက စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ နေရာတွေမှာရှိတဲ့ ဘာလက်လီယာနဲ့ အစ်ဇိယံမြို့တွေက တပ်တွေကို ပြန်ဆုတ်နေပြီလို့ ရုရှားစစ်တပ်က စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

ယူကရိန်းအစိုးရကလည်း ယူကရိန်းစစ်တပ်ဟာ နိုင်ငံရဲ့ ဒုတိယမြို့တော် ခါခိဗ်ရဲ့တောင်ဘက် ရုရှားတပ်တွေ သိမ်းပိုက် ထားတဲ့ဒေသတွေကို လျှပ်တပြက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ 

ရုရှားရဲ့ ခံစစ်စည်းတွေ ကျိုးပေါက်ပြီး တခြားအနားက မြို့တွေကို အပြင်းအထန် ဖိအားပေးနေတာကြောင့် အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဒေသဆိုင်ရာ ရုရှားအုပ်ချုပ်ရေးမှူးတဦးက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ လွတ်မြောက်ရေး အထူးစစ်စစ်ဆင်ရေးရဲ့ ဖော်ပြထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ဘာလက်လီယာနဲ့ အစ်ဇိယံခရိုင်တွေမှာ တပ်စွဲထားတဲ့ ရုရှား တပ်တွေကို ပြန်စုဖွဲ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် အစ်ဂေါ ခိုနာရှန်ကို့ဗ်က ဝန်ကြီးဌာနရဲ့ Telegram ရုပ်သံလိုင်းမှာ ပြောခဲ့ပါတယ်။ 

အဓိက ထောက်ပံ့ရေးစခန်းဖြစ်တဲ့ ယူကရိန်းမြို့  ကူပြန့်စ်ခ်ကနေ ထွက်ပြေးလာသူ အများအပြားကို တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်တဦးက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

“မြို့တဝက်လောက်ကို ယူကရိန်းစစ်တပ်က သိမ်းယူပြီး ရုရှားက ပြန်ဆုတ်နေတယ်... တိုက်ပွဲတွေ နီးကပ်လာနေပြီ။" 

ယူကရိန်းအရှေ့ပိုင်းက ကိုယ်ပိုင်ကြွေးကြော်ထားတဲ့ ဒန်ညက်စ် ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင် ဒန်းနစ် ပွတ်ရှိလင်ကလည်း ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ ရှေ့တန်းရဲ့တခြားအစိတ်အပိုင်းတွေမှာ “ပြဿနာတွေ ရှိနေတာကို အသိအမှတ်ပြုခဲ့ပါတယ်။

ကရက်စ်နီ လီမဲန်မြို့ရဲ့ အခြေအနေဟာ သမ္မတနိုင်ငံမြောက်ပိုင်းမှာလိုပဲ ခက်ခဲနေတယ်လို့ သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up