အဇာဘိုင်ဂျန်နယ်စပ်တွင် တိုက်ပွဲပြင်းထန်ပြီး အာမေးနီးယားစစ်သား ၄၉ ဦးထက်မနည်း သေဆုံး

အဇာဘိုင်ဂျန်နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် သူ့ရဲ့ စစ်သား ၄၉ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အာမေးနီးယားအစိုးရက စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
Jermuk၊ Goris နဲ့ Kapan အပါအဝင် အဇာဘိုင်ဂျန်နယ်စပ်အနီးရှိ မြို့အများအပြားကို အင်္ဂါနေ့အစောပိုင်းက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အာမေးနီးယားက ပြောကြားခဲ့ပြီး ဒါဟာ အဇာဘိုင်ဂျန်ဘက်က ကြီးမားတဲ့ ရန်စမှုကို တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်ကတော့ အာမေးနီးယားက တိုက်ခိုက်တာလို့ ပြောပါတယ်။
အဇာဘိုင်ဂျန်ဟာ သူ့နိုင်ငံထဲက အာမေးနီးယန်းလူမျိုးတွေ အများစုနေထိုင်ရာ Nagorno- Karabakh ဒေသရဲ့ အခြေအနေကို မညှိနှိုင်းချင်လို့ အာမေးနီးယားမြို့တွေကို တိုက်ခိုက်တာဖြစ်ကြောင်း အာမေးနီးယန်းဝန်ကြီးချုပ် Nikol Pashinyan က အဇာဘိုင်ဂျန်ကို စွပ်စွဲလိုက်ပါတယ်။
နယ်စပ်တလျှောက် ထောက်လှမ်းရေး လှုပ်ရှားမှုတွေနဲ့ လက်နက်တွေ အရွှေ့အပြောင်း လုပ်နေကြောင်း အာမေးနီးယားကို စွပ်စွဲခဲ့တဲ့ အဇာဘိုင်ဂျန်က သူ့ရဲ့ စစ်ဘက်ဆိုင်ရာ တည်နေရာတွေကို အာမေးနီးယားက တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အင်္ဂါနေ့အစောပိုင်းမှာ ကျင့်သုံးပြီးနောက် ချက်ချင်း ပျက်ပြယ်သွားခဲ့ကြောင်း Azeri မီဒီယာက ဖော်ပြပါတယ်။
ရုရှားနဲ့ အမေရိကန် ၂ နိုင်ငံစလုံးက အာဇာဘိုင်ဂျန်ရဲ့ ဘာကူအစိုးရနဲ့ အာမေးနီးယားရဲ့ ယယ်ရဗန် အစိုးရတို့ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပဋိပက္ခကို နိုင်ငံရေးနဲ့ သံတမန်ရေး နည်းလမ်းတွေနဲ့ သီးသန့်ဖြေရှင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အာမေးနီးယားနဲ့ ရုရှားနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေဟာ အင်္ဂါနေ့မနက်ပိုင်းက စကားပြောဆိုခဲ့ကြပြီး နယ်စပ်မှာ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။
တောင်ပိုင်း ကော့ကေးဆပ်နိုင်ငံတွေကြား ဆယ်စုနှစ်များစွာကြာ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် ဆိုဗီယက်ခေတ်လွန်ကမ္ဘာမှာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်အပြင် နောက်ထပ် ဒုတိယမြောက် စစ်ပွဲတခု ဖြစ်ပွားလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။