ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများလာသဖြင့် နေပြည်တော်တွင် Mask ကမ်ပိန်းပြုလုပ်

မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက နေပြည်တော်မှာ Mask ကမ်ပိန်းပြန်လည်ပြုလုပ်လာပါတယ်။
အခုတခေါက် ကိုဗစ်ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာရာမှာ ပြည်တွင်းကူးစက်မှုက ပိုများနေပြီး ပြည်ပပြန်တွေဆီက အနည်းအကျဉ်းသာတွေ့နေရတာပါ။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လပိုင်းလောက်က ကိုဗစ်နဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလအတွင်းမှာတော့ ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေထဲမှာ ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပါဝင်လာတာတွေ့ရပါတယ်။
ပျဉ်းမနားမြို့နေ ပြည်သူတဦးက“အခုကတော့ စစ်သားတွေ၊ ရဲတွေနဲ့ ကျန်းမာရေးက လူတွေ လမ်းတွေမှာ Mask လိုက်ဝေနေတာပဲ။ ဒါပေမဲ့ နေရာတိုင်းမှာတော့ Mask မတပ်တဲ့သူတွေက ရှိနေတုန်းပဲလေ။ သူတို့က ဖြေလျှော့ပေးထားတယ်ဆိုတော့ လူတွေက သိပ်မတပ်ကြတော့တာ” လို့ ပြောပါတယ်။
နေပြည်တော်မှာ ကိုဗစ်အသိပညာပေးမှုတွေကို စက်တင်ဘာလဆန်းပိုင်းလောက်က စတင်ပြီး ပြန်လည်ပြုလုပ်လာခဲ့တာဖြစ်ကာ စက်တင်ဘာ ၁၄ ရက်မှာတော့ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားနဲ့ ဇမ္ဗူသီရိမြို့နယ်တွေမှာ Maks ကမ်ပိန်း ပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာသစ် ၂၀၄ ယောက် ရှိခဲ့ရာမှာ နေပြည်တော်အတွင်းက ၃၆ ယောက် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။