အဇာဘိုင်ဂျန်-အာမေးနီးယား ပဋိပက္ခ ရုရှားဝင်မွှေမည်ကို အမေရိကန်စိုးရိမ်

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံကြား ပဋိပက္ခမှာ ရုရှားက ဝင်မွှေဖို့ ကြိုးစားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၁၃ ရက်က ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ ချစ်ပ်ထုတ်လုပ်တဲ့စက်ရုံကို အလည်အပတ် သွားချိန်မှာ ခုလိုပြောလိုက်တာပါ။
နှစ်နိုင်ငံနယ်စပ်တွေနားမှာ တိုက်ပွဲတွေဖြစ်အပြီး ပဋိပက္ခအတွင်း နှစ်ဖက်စလုံး စစ်ပွဲတွေ ရပ်တန့်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
“ယူကရိန်းကနေ အာရုံပြောင်းအောင် ဖန်တီးဖို့၊ ရုရှားက တမင်တကာ ပြဿနာဖြစ်အောင် နှိုးဆော်မလားဆိုတာ ကျနော်တို့က အမြဲတမ်း စိုးရိမ်နေတဲ့ကိစ္စပဲ” လို့ ဘလင်ကန်က အင်ဒီယားနားပြည်နယ်က ပွဲတခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရုရှားဟာ အခြေအနေကို တည်ငြိမ်အောင် ကူညီဖို့ ဒေသတွင်း သူ့ရဲ့ဩဇာကို သုံးနိုင်တယ်လို့လည်း ဘလင်ကန်က ပြောခဲ့ပါတယ်။