close

ရေဘေးသင့် ပါကစ္စတန်တွင် ခြင်ကြောင့်ဖြစ်သည့်ရောဂါများလည်း ထပ်တွေ့နေ

ပါကစ္စတန်နိုင်ငံက ရေဘေးသင့်သူတွေထဲမှာ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေအပြင်  ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ထပ်တွေ့နေရတယ်လို့ ယာယီဆေးရုံတွေက ဆရာဝန်တွေက စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

တဲဆေးရုံမှ ဆရာဝန် ဇီရှန်းအူလ်ဟတ်ခ်က “ဒီအချိန်ဟာ ရေထဲမှာ ခြင်တွေပေါက်ပွားနိုင်တဲ့ ရာသီဖြစ်ပြီး စက်တင်ဘာနဲ့ အောက်တိုဘာ လတွေကလည်း ခြင်ကြောင့် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့လတွေ ဖြစ်တာကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ဒီစခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု အများအပြားကို လက်ခံပေးနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အပူနဲ့ အစာမကြေတာကြောင့် ဝမ်းပျက်ဝမ်းလျှော အများအပြား ဖြစ်ပွားနေပြီး အအေးမိ၊ ချောင်းဆိုးတဲ့ ရာသီလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းမှာ လူပေါင်းရာချီ ယာယီရွက်ဖျင်တဲတွေမှာ နေထိုင်နေရပြီး တကိုယ်ရေသန့်ရှင်းမှုနဲ့ သန့်ရှင်းရေးကိုလည်း စိန်ခေါ်နေတဲ့ အခြေအနေပါ။

သောက်သုံးရေအတွက် ယူလာတဲ့ တန်ကာ ရေစည်ကြီးတွေထဲက ရေတွေကလည်း မသန့်ရှင်းပေမဲ့ ဘာမှမတတ်နိုင်ကြောင်း ရေဘေးစခန်းနေ ဒုက္ခသည်တွေက ပြောပါတယ်။

ရေကြီးမှု စတင်ကတည်းက လူနာပေါင်း ၈၅၆,၀၀၀ ကို ကုသပေးခဲ့ပြီး ကျန်းမာရေးဌာန ၁,၂၀၀ ကျော် ရေအောက်မြုပ်နေတာကြောင့် အများစုမှာ မိုဘိုင်းဆေးခန်းတွေမှာပဲ ကုပေးခဲ့ရကြောင်း ဆင်းန်ဒ်ပြည်နယ် ကျန်းမာရေးဝန်ကြီး အက်ဇ်ရာ ဖာဇလ် ပီချူဟိုက ပြောကြားခဲ့ပါတယ်။

ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါ၊ အရေပြားရောဂါတွေနဲ့ သွေးလွန်တုပ်ကွေး အပါအဝင် အခြေအနေတွေက ပျံ့နှံ့နေပြီလို့ သူက အခုသီတင်းပတ်အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up