close

ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုး သ‌င်္ဘောအား အေအေ ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေကနေ ဘူးသီးတောင်ကို စက်တင်ဘာ ၁၄ ရက်က ထွက်ခွာလာတဲ့ ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုး သ‌င်္ဘောကို ရက္ခိုင်တပ်တော် (အေအေ) က ဖမ်းဆီးထားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မောင်တောမြို့က ကုန်သည်တယောက်က “ဟုတ်ပါတယ်၊ အောင်ကျော်မိုးသင်္ဘောကို အေအေ ဖမ်းဆီးထားတယ်။ ကျနော်တို့ကုန်သည်တွေ ဖုန်းဆက်လာတယ်ဗျ။ စီးပွားရေးအတွက် အမှန်တကယ်ဝယ်လာတဲ့ ကုန်တွေလား၊ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာတွေလားဆိုတာ စစ်ဆေးနေတယ်။ ကြာတော့ ကြာမယ်ထင်တယ်။ ဘယ်နားမှာ ဖမ်းထားသလဲ ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြဘူး” လို့ ပြောပါတယ်။

အဆိုပါ အောင်ကျော်မိုးသင်္ဘောဟာ စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီကျော်က စစ်တွေကနေ ထွက်လာတာဖြစ်ပြီး ရသေ့တောင်မြို့ကို ရောက်ရှိချိန်မှ အေအေဘက်က ရေယာဥ်တွေ၊ ကားတွေကို တားဆီးစစ်ဆေးမယ်ဆိုတဲ့ သတင်းထုတ်ပြန်တဲ့အတွက် ဘူးသီးတောင်မြို့ကို ဆက်မသွားရဲတောဘဲ ရသေ့တောင်မြို့မှာ ညအိပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ဘူးသီးတောင်မြို့ကို ထွက်ခွာလာစဥ် လမ်းခုလပ်တနေရာမှာ အေအေက ဖမ်းဆီးပြီး သင်္ဘောပေါ်ပါလာတဲ့ ကုန်ပစ္စည်းစာရင်းတွေကို  ကုန်သည်တွေရဲ့ ပစ္စည်းအမှန်ဟုတ်မဟုတ် အသေးစိတ်စစ်ဆေးနေတာလို့ ဘူးသီးတောင်မြို့က ကုန်သည်တွေက ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ ဒီသင်္ဘောက အစိုးရဆီကနေ ပုဂ္ဂလိကဆွဲထားတဲ့ သင်္ဘောပါ။ စစ်တပ်ရိက္ခာတွေ ပါလာမှုရှိမရှိ အသေးစိတ်စာရင်းတွေကို အေအေဘက်က စစ်နေတာလို့ သိရတယ်။ တချို့ပြောတာကတော့ စစ်တပ်အတွက် ရိက္ခာတွေ ဒီသင်္ဘောမှာ ပါလာတာကို အေအေက အတိအကျ သတင်းရထားလို့  အသေးစိတ်စစ်နေတာလို့ သိရတယ်ဗျ။ သင်္ဘောမှာပါလာတဲ့ ကုန်ပစ္စည်းပိုင်ရှင်တွေ ဖုန်းတွေအားလုံးကို ဆက်စစ်နေတာ။ ကုန်ပစ္စည်းက ဘယ်ကဝယ်လာတယ်၊ အတိအကျ စစ်ဆေးနေတာ။”

ရက္ခိုင့်တပ်တော် (အေအေ) က ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အရေးပေါ် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ ရေကြောင်းဦးစီးဌာနက ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေကို စက်တင်ဘာ ၁၅ ရက်မှစတင်ကာ စစ်ဆေးမယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်ကလည်း စစ်တွေမှ ဘူးသီးတောင်ကို ထွက်ခွာလာတဲ့ အောင်ကျော်မိုးသင်္ဘောကို ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာ အနောက်ဘက်ရှိ မှန်နီပြင်ကျေးရွာအနီး မေယုမြစ်ကမ်းဘေးတနေရာမှာ ရက္ခိုင့်တပ်တော် (အေအေ) က တားဆီးကာ သင်္ဘောပေါ်မှာ စစ်တပ်ရိက္ခာပစ္စည်းတွေ ပါမပါ စစ်ဆေးခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up