close

ကျောက်တော် အပေါက်ဝရဲစခန်းက ဒုရဲအုပ် ၁ ဦးကို အေအေ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ရဲစခန်းက ဒုရဲအုပ်တယောက်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) ဖမ်းဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒုရဲအုပ်မှာ အသက် ၃၅ နှစ်ခန့်ရှိပြီး အပေါက်ဝကနေ ကျောက်တော်မြို့ဘက်အသွား ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ဒုရဲအုပ်တဦး ဖမ်းဆီးခံရတာကတော့ ဟုတ်တယ်ဗျာ။ သူ့နာမည်ကတော့ ကျ‌နော်လည်း မသိဘူး။ အသက်ကတော့ ၃၅ နှစ်လောက်ရှိမယ်။ မနေ့က အပေါက်ဝကနေ ကျောက်တော်ဘက်ကို သွားတာမှာ အေအေက ဖမ်းသွားတာလို့ သိရတယ်။ သူနဲ့အတူ ပစ္စတို တလက်လည်း ပါသွားတယ်။ သူက စစ်တပ်ကနေ အသွင်ပြောင်းထားတာနဲ့တူတယ်ဗျာ။”

ဒုရဲအုပ်တယောက် ဖမ်းဆီးခံလိုက်ရတာကြောင့် စစ်တပ်က လာပြီး ပြဿနာရှာမှာကို စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်းကို အေအေက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီကလည်း ဒေသခံ ရာချီဖမ်းဆီးကာ ၄၀ နီးပါးကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းကို အေအေက သိမ်းပိုက်ထားကာ စစ်ကောင်စီကလည်း လေယာဥ်တွေ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up