close

ပလက်ဝရှိ စစ်ကောင်စီတပ်စခန်းတခုကို အေအေ တိုက်ခိုက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်စခန်းတခုကို စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ရက္ခိုင်တပ်တော် (အေအေ) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပလက်ဝမြို့နယ် တဲမဝရွာနားက စစ်ကောင်စီရဲ့ တပ်စခန်းကုန်းကို ဒီနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ရက္ခိုင်တပ်တော် (အေအေ) က ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မီးဝဗျူဟာကုန်းနဲ့ တင်းမရွာနားက တောင်ကုန်းမှာ အထိုင်ချထားတဲ့ ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ် ဒေသခံတယောက်ကတော့ “ဒီနေ့မနက်ပိုင်းကစလို့ တဲမဝဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ ဆက်တိုက်ကြားနေရပြီး ရဟတ်ယာဥ်တွေလည်း ဆက်တိုက်ပျံဝဲကာ လေကြောင်းကနေ ပစ်ခတ်သံတွေလည်း ကြားရတယ်။ အဲဒီ တဲမဝစခန်းကုန်းကို အေအေက သိမ်းလိုက်ပြီလို့လည်း သတင်းတွေ ကြားရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့တော့ ရက္ခိုင်တပ်တော် (အေအေ) ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ စစ်ရေးတင်းမာနေပြီး ဂျက်တိုက်လေယာဥ်တွေ၊ စစ်ရဟတ်ယာဥ်တွေ တနေကုန်ပျံဝဲနေပြီး ရေကြောင်းခရီးသွားလာမှုတွေကိုလည်း အေအေဘက်က စစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ပြီးနောက် ခရီးသည်တင် ရေယာဥ်တချို့ ရပ်နားထားကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up