ဖမ်းထားသည့် နိုင်ငံခြားငါးဖမ်းလှေ ၅ စီးအား ပင်လယ်ထဲ ပြန်ထွက်ခွင့်ပြုမှုဖြင့် ထိုင်းရဲနှင့်ဝန်ထမ်း ၁၁ ဦး အရေးယူခံရ

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထိုင်းရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာလို့ ဖမ်းဆီးထားတဲ့ မလေးရှား ငါးဖမ်းလှေ ၅ စီးကို ပင်လယ်ထဲပြန်လည်သွားလာခွင့်ပြုခဲ့တဲ့အတွက် လဝက ရဲအရာရှိ နဲ့ ဆိပ်ကမ်းအာဏာပိုင်တွေရော ကျန်းမာရေးဝန်ထမ်းပါ စုစုပေါင်း ၁၁ ဦး အမှုဖွင့်အရေးယူခံရတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆုန်ခလာခရိုင် ဆိင်န်နခွန်းနယ်မြေ ရဲတပ်ဖွဲ့၊ လဝက ရဲတပ်ဖွဲ့၊ ဆိပ်ကမ်းအာဏာပိုင်၊ နယ်ခြား ကျန်းမာရေးစစ်ဆေးမှုတာဝန်ခံတွေပါဝင်တဲ့ ဝန်ထမ်း ၁၁ ဦးကို တာဝန်ဝတ္တရားပေါ့လျော့မှု၊ တံစိုးလက်ဆောင် လက်ခံမှုတွေနဲ့ အမှုဖွင့်အရေးယူလိုက်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် စူရချေ့ ဟတ်ဖန်းက စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာက ထိုင်းရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မလေးရှားငါးဖမ်းလှေ ၅ စီးကို ထိုင်းဘက်က ဖမ်းဆီးရမိခဲ့ပါတယ်။ ငါးဖမ်းလှေ ၅ စီးကို ထိုင်းဘက်က သိမ်းယူလိုက်ပြီး လှေပေါ်က လူ ၂၂ ဦးကိုလည်း တရားဥပဒေနဲ့အညီ အရေးယူခဲ့ပြီးဖြစ်ပါတယ်။
သိမ်းထားတဲ့ ငါးဖမ်းလှေကို လေလံတင်ခဲ့ပေမယ့် ပင်လယ်ထဲပြန်ထွက်ခွာခွင့်မရှိသေးပါဘူး။ ဒါပေမဲ့ လှေသူကြီး ကိုယ်စားလှယ်က တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး အဆိုပါလှေကို အင်ဒိုနီးရှားလှေအဖြစ် အထက်ကို တင်ပြကာ အထွက်အဝင် ပြုနေခဲ့တာကို တာဝန်ရှိသူတွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆိုပါလှေ ၅ စီးဟာ လောလောဆယ် မလေးရှာရေးပိုင်နက်ထဲ ရောက်ရှိနေလို့ ထိုင်းဘက်က မလေးရှား အာဏာပိုင်ထံ ပြန်ဖမ်းပေးဖို့ အကြောင်းကြားထားပါတယ်။
အထက်ပါ အစိုးရဝန်ထမ်း ၁၁ ဦးဟာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားက ဥပဒေအရ ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ ဒါမှမဟုတ် သေဒဏ်၊ ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံးဘတ် ၁ သိန်းမှ အများဆုံး ဘတ် ၄ သိန်း ဒါမှမဟုတ် ထောင်ဒဏ် တသက်တကျွန်းထိ ကျခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source - matichon.co.th