ဂျပန်နိုင်ငံကို နန်မာဒေါလ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး ၂ ဦးသေဆုံး ၁၁၄ ဦး ဒဏ်ရာရ

ဒီတပတ်အကုန်မှာ ဂျပန်နိုင်ငံကို နန်မာဒေါလ်တိုင်ဖုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူနှစ်ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး တခြားနှစ်ယောက်ကိုတော့ အသက်ရှင်လျက် ရှိ၊ မရှိ အတည်မပြုနိုင်သေးတဲ့ အနေအထားနဲ့ ရှာတွေ့ခဲ့တယ်လို့ အစိုးရပြောခွင့်ရှိသူက စက်တင်ဘာ ၂၀ ရက်က ပြောတဲ့အကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
မုန်တိုင်းဟာ တနင်္ဂနွေညပိုင်းက ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမာမြို့ကို ဝင်ရောက်ခဲ့ပြီး ကျူရှူးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ အဲဒီနောက် မုန်တိုင်းဟာ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ရွေ့လျားသွားပါတယ်။
ဒီနေ့မနက်မှာတော့ မုန်တိုင်းဟာ အားပျော့သွားပြီး အနောက်မြောက်ဘက်ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်ဆီ ဦးတည်သွားနေပါတယ်။
မုန်းတိုင်းကြောင့် တရက်နီးပါးကြာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာတာကြောင့် ကျူရှူးကျွန်းရဲ့ အပန်းဖြေနေရာ မီယာဇာကီမှာတော့ လူ နှစ်ယောက် သေဆုံးခဲ့သလို သစ်ပင်တွေ ကျိုးကျတာ၊ ပြတင်းတံခါးတွေကွဲ ပျက်စီးသွားခဲ့ပါတယ်။
မုန်တိုင်းထဲမှာ ပျောက်ဆုံးနေသူတယောက်ကို သက်ဆိုင်ရာက ရှာဖွေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီရိုဇာကူမတ်ဆူနိုက ပြောပါတယ်။ အနည်းဆုံး လူ ၁၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၄ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။
မုန်တိုင်းကြောင့် ကျူရှူးကျွန်းက နေအိမ်အများစုအပါအဝင် နိုင်ငံတဝန်း အိမ်ထောင်စု ၁၄၀,၀၀၀ လောက် ဒီနေ့မနက် အစောပိုင်းထိ လျှပ်စစ်မီး မရသေးဘူးလို့ သိရပါတယ်။
ကျူရှူးကျွန်းတောင်ဘက် တန်နီဂါရှီးမားကျွန်းက ဂျပန်အာကာသအေဂျင်စီစင်တာရဲ့ အဆောက်အအုံရဲ့ နံရံပျက်စီးခဲ့တယ်လို့ စီပွားရေးနဲ့စက်မှုဝန်ကြီးက ပြောပါတယ်။ အဲဒီအဆောက်အုံဟာ ရော့ကတ်တွေ တပ်ဆင်ထုတ်လုပ်တဲ့နေရာလို့ သိရပါတယ်။
မုန်တိုင်းအလွန်ကာလ ဒီနေ့မနက်မှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီး အလုပ်နား ၃ ရက်အပြီးမှာ အလုပ်သွားသူတွေလည်း လုပ်ငန်းခွင် ပြန်ဝင်နေကြပါတယ်။
ကျည်ဆန်ရထားခရီးစဉ်တွေလည်း ပြန်ပြေးဆွဲနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းက လေယာဉ်ခရီးစဉ်တွေကတော့ ရပ်နားထားပါတယ်။
ဂျပန်နိုင်ငံဟာ တနှစ်ကို တိုင်ဖုန်းရာသီအတွင်း မုန်းတိုင်း အနိမ့်ဆုံး အလုံး ၂၀ နဲ့ရင်ဆိုင်နေရတာပါ။
ရာသီဥတု ပြောင်းလဲတာကြောင့် အင်အားပြင်းမုန်တိုင်းတွေ တိုးလာပြီး ပြင်းထန်တဲ့ ရာသီဥတုကြောင့် အပူလှိုင်းတွေ၊ မိုးခေါင်ရေရှားတာနဲ့ ရေကြီးမှု စတဲ့ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ မကြာခဏပိုဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။