close

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များပြားလာ

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ တကျော့ပြန်ဖြစ်လာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အတည်ပြုလူနာ ၆၀ ကျော်အထိရှိလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ မြေပြင်အခြေအနေမှာ ကူးစက်ခံရသူအရေအတွက်က ထုတ်ပြန်ချက်ပါ စာရင်းထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်

“ကိုဗစ်-၁၉ ရောဂါပိုးက ပြန့်နေပြီ။ ဒီလူဦးရေ ၆၀ ကျော်ဆိုတာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပဲ။ ခုက ရာသီတုပ်ကွေးလိုလို ဘာလိုလိုနဲ့ ကိုဗစ်မစစ်ဘဲ နေကြလို့သာ။ ဖျားတဲ့သူတွေကို သေချာစစ်မယ်ဆို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထက် မြေပြင်အခြေအနေက ပိုများနိုင်တယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ ဦး၊ မြစ်ကြီးနားမြို့မှာ ၁၉ ဦး၊ ပူတာအိုမြို့မှာ ၁၃ ဦး၊ ဗန်းမော်မြို့မှာ  ၅ ဦးနဲ့ မိုးကောင်းမြို့မှာ ၃ ဦးတွေ့ရှိရကြောင်း ထုတ်ပြန်ထားပါတယ်။

“မြစ်ကြီးနားမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ပြည်သူ့ဆေးရုံက သီးသန့်အဆောင်မှာ ထားပေးထားတယ်။ ခုလက်ရှိ ဆေးရုံက ကိုဗစ်-၁၉ သီးသန့်အဆောင်မှာ ၁၀ ဦးထက်မနည်း ရှိတယ်” လို့ မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကနေ အခုအချိန်ထိ အတည်ပြု လူနာ စုစုပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး သေဆုံးသူ တစ်ထောင်ကျော်ရှိကာ  မြစ်ကြီးနားမြို့နယ်အတွင်း  သေဆုံးသူ ၄၀၀ ကျော် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up