အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နှစ်နိုင်ငံ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆန္ဒရှိဟု ဝန်ကြီး ဘလင်ကန်ပြော

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
ဝန်ကြီးချုပ် ပါရှင်ညဏ်နဲ့ သမ္မတ အာလီယာ့ဗ်တို့ ခေါင်းဆောင်နှစ်ယောက်စလုံးက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ပါပဲလို့ ပြောခဲ့ကြောင်း နယူးယောက်မြို့မှာ စက်တင်ဘာ ၁၉ ရက်က နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ သံတမန်ဆက်ဆံရေးဟာ လူတိုင်းအတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြား ခြားနားချက်ကို စစ်ရေးအရ ဖြေရှင်းမှုမရှိသေးပေမဲ့ သံခင်းတမန်ခင်းအားဖြင့် ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်တဲ့ တာရှည်ခံ ငြိမ်းချမ်းရေးလမ်းစ ရှိတယ်လို့ ထင်မြင်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ဒီကြိုးပမ်းမှုတွေကို ပံ့ပိုးပေးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြောင်းလည်း ဘလင်ကန်က ပြောပါတယ်။
အခုသီတင်းပတ်အတွင်း အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား နယ်စပ်တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံစလုံးဟာ အငြင်းပွားနေတဲ့ နာဂေါနို-ကရာဘာ့ဂ် ဒေသက တိုက်ပွဲတွေအတွက် အပြန်အလှန် အပြစ်တင်ကြပါတယ်။
အဇာဘိုင်ဂျန်ရဲ့အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဲဒီဒေသအတွက် နှစ်ဘက်စလုံး ဆယ်စုနှစ်ချီ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀၂၀ စစ်ပွဲမတိုင်ခင်အထိ အာမေးနီးယန်းလူမျိုးစုတွေ အနေများပြီး သူတို့က ထိန်းချုပ်ထားပါတယ်။
၂၀၂၀ ပြည့်နှစ်က သီတင်း ၆ ပတ်ကြာ စစ်ပွဲ ဖြစ်ပွားပြီးနောက်မှာ အဆိုးရွားဆုံး ထိပ်တိုက်တွေ့မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။