တာချီလိတ်တွင် ထိုင်းနိုင်ငံသား ၁ ဦးထံမှ အိုက်စ်မူးယစ်ဆေး ၁၀ ကီလိုဂရမ်ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံသားတယောက်ထံကနေ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်က ဘန့်မိုင်ဆန်ဆိုင်းရပ်ကွက်ထဲရှိ မသင်္ကာဖွယ်လူတယောက် ဆိုင်ကယ်စီးလာတာကို တားဆီး စစ်ဆေးရာကနေ လက်ဖက်ခြောက်ထုပ် ၁၀ ထုပ်ထဲ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀ ကီလိုဂရမ်ကို ဖမ်းမိတာလို့ ဆိုပါတယ်။
အဆိုပါဆိုင်ကယ်သမားဟာ အသက် ၃၈ နှစ်ရွယ်ရှိ အိုက်မီဆိုသူ ထိုင်းနိုင်ငံသားဖြစ်ပြီး ဥဒွန်းဌာနီခရိုင်သားဖြစ်ကြောင်း၊ သူဟာ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တရားရုံးက မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဝရမ်းပြေး နိုင်းကိန်လတ်ဆန ယိုးထင်းရဲ့ အဖွဲ့ထဲကလို့ ဆိုပါတယ်။
ထိုင်းမူးယစ်ဝရမ်းပြေး နိုင်းကိန်လတ်ဆနကိုလည်း ဒီ စက်တင်ဘာ ၁၀ ရက်နေ့ကပဲ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ဇနီးဖြစ်သူ မိုင်းယောင်းသူနဲ့အတူ ဖမ်းမိကြောင်း၊ အဲဒီနေ့ကလည်း စိတ်ကြွဆေးပြား ၁၉၆,၀၀၀ ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။