close

ယင်းမာပင်တွင် ဖမ်းဆီးခံရွာသား ၂ ဦး အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ရွာသာယာကျေးရွာက ဒေသခံ ၂ ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီးနောက်ပိုင်း မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရသလို သူတို့ကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာလည်း မသိရဘဲ အဆက်အသွယ်ပြတ်နေတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးမြင့်စိုးနဲ့ မဟာအောင်မြေကျောင်းက မိဘမဲ့ပရဟိတဂေဟာမှူး ဦးအောင်မင်းဆွေတို့ ဖြစ်ကြပါတယ်။

သူတို့ နှစ်ယောက်ဟာ သြဂုတ် ၂၆ ရက်က ယင်းမာပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ကို ပရဟိတအရေးနဲ့ ပတ်သက်ပြီး သွားရောက်စဥ် ဘဏ်ရုံးဝင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေကို မိသားစုက ဒီနေ့အချိန်ထိ တွေ့ခွင့်လည်းမရသလို မေးမြန်းကြည့်တာတောင် စစ်ကောင်စီတာဝန်ရှိသူတွေက လက်မခံဘဲဖြစ်နေကြောင်း၊ ယင်းမာပင်ရဲစခန်းကို ပရဟိတဂေဟာအဖွဲ့ဝင် ဘုန်းတော်ကြီးတွေကိုယ်တိုင် ၃ ကြိမ်ထက်မနည်း သွားရောက်ကာ သူတို့ နှစ် ယောက်ကို ဘာကြောင့်ဖမ်းဆီးတာလဲ ဆိုတာနဲ့ သူတို့နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က လိုက်လျောမှုတခုမှ မရှိခဲ့ဘူးလို့ဆိုပါတယ်။

ခုနောက်ပိုင်း ဖမ်းဆီးခံ နှစ်ယောက်အတွက် စားသောက်စရာတောင် ပေးလို့မရတော့သလို စုံစမ်းမေးမြန်းလို့လည်း မရတော့တာကြောင့် စိုးရိမ်သောက ရောက်နေကြရတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရသူ ၅ ယောက်ထက်မနည်းရှိကာ အဲဒီအထဲမှာ ကုန်စိမ်းရောင်းနေရင်း အဖမ်းခံလိုက်ရတာရှိသလို နေအိမ်အတွင်းမှာ ဝင်ရောက် ဖမ်းဆီးခံလိုက်ရတဲ့သူတွေလည်းရှိပြီး အဲဒီလို ဖမ်းဆီးခံရသူတွေ အားလုံးဟာလည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up