close

ရုရှားကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ တရားစွဲနိုင်ရေး ကန်နှင့် ယူကရိန်း ရှေ့နေချုပ် ၂ ဦး လက်မှတ်ထိုး

ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ အဆင်ပြေ ချောမွေ့စေဖို့ အမေရိကန်အစိုးရရှေ့နေချုပ် မဲရစ် ဂါးလန်းနဲ့ ယူကရိန်း အစိုးရရှေ့နေချုပ် အန်ဒရီ ကို့စ်ရှင်တို့ စက်တင်ဘာ ၂၀ ရက်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

“ရှေ့ဆက်ရမယ့်လမ်းက မတိုတောင်းသလို မလွယ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ ယူကရိန်းလုပ်ဖော်ကိုင်ဘက်တွေက အမှန်တရားနဲ့ တရားမျှတမှုကို လိုက်လျှောက်ဖို့ မမောမပန်း လုပ်ဆောင်သွားမှာပါ” လို့ မြို့တော် ဝါရှင်တန်မှာရှိတဲ့ တရားရေးဌာနအတွင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ဂါးလန်းက ပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ သတင်းစကားက ရှင်းပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူတွေ ပုန်းအောင်းဖို့နေရာမရှိဘူး ဆိုတာပဲ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ခါကိဗ်ပြည်နယ်မှာ ရုရှားတပ်ဖွဲ့ဝင်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေကို စက်တင်ဘာ ၁၉ ရက်မှာ ရုရှားသမ္မတနန်းတော်က ပယ်ချခဲ့ပါတယ်။

ယူကရိန်းစစ်တပ်က အရပ်သားတွေလို့ ပြောကြတဲ့ လူအများစုကို ဒီလအတွင်း ရုရှားတပ်တွေက ခါကိဗ်ဒေသကနေ နှင်ထုတ်ခဲ့ပြီးတဲ့နောက် အလောင်း ၄၅၀ လောက် အစုအပြုံလိုက်မြှုပ်ထားတာကို အစ်ဇီယံမြို့နားက သင်္ချိုင်းမှာ တွေ့ခဲ့တာပါ။

ဒီဒေသအများစုကို ရုရှားက ယူကရိန်းအပေါ် စစ်ဆင်ရေးစပြီး ပထမဆုံး သီတင်းပတ်တွေကတည်းက ထိန်းချုပ်ထားခဲ့တာပါ။

လက်နှစ်ဖက်စလုံး ချည်နှောင်ထားတဲ့ ရုပ်အလောင်းတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထောက်အထားတွေကို  စုံစမ်းစစ်ဆေးရေးမှူးတွေက တွေ့ရှိခဲ့တယ်၊ ရုရှားတပ်ဖွဲ့ဝင်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့  ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up