ချင်းရိုင်းတွင် စိတ်ကြွဆေးပြား ၆ သန်းပါ ကားတစီး တိမ်းမှောက်


ထိုင်းမြောက်ပိုင်း ချင်းရိုင်း - ချင်းမိုင်ခရိုင်သွား ကားလမ်းမကြီးတနေရာမှာ စိတ်ကြွဆေးပြား ၆ သန်းပါတဲ့ ကားတစီး တိမ်းမှောက်သွားခဲ့တယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက် ည ၁၁ နာရီလောက်က ချင်းရိုင်းခရိုင် မယ့်ဆွေမြို့နယ် မယ့်ဖရိတ်အုပ်စုအပိုင် ချင်းမိုင်သွားကားလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မယ့်ဆွေမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ် ။
အခင်းဖြစ်တဲ့နေရာမှာ အဖြူရောင်ဟိုင်းလပ်ကားတစီး ဘေးစောင်းအနေအထားတဲ့ တိမ်းမှောက် နေပြီး အနီးနားတဝိုက်မှာလည်း အစိမ်းရောင်မြွေရေခွံအိတ်တွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းသမားနဲ့ ထိခိုက်ဒဏ်ရာရာသူ တဦးတယောက်မှ မတွေ့ကြောင်း၊ အနီးအနားတဝိုက်မှာလည်း မသင်္ကာသူတယောက်မှ မတွေ့ကြောင်း၊ အိတ်တွေကို စစ်ဆေးရာမှာ စုစုပေါင်း ၃၀ ရှိပြီး အထဲမှာစိတ်ကြွဆေးပြား စုစုပေါင်း ၆ သန်းတွေ့ရတယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက ယာဉ်သွားရာလမ်းကြောင်းတွေကို ပြန်လည်စစ်ဆေးရာမှာ ရှေ့ကနေ လမ်းပြတဲ့ကားလို့ ယူဆရတဲ့ အနက်ရောင်ဟိုင်းလပ်ကားတစီးကို မယ့်ဆွေမြို့နယ် ထာ့ဆွေအုပ်စု မယ့်ဒမ်ကျေးရွာအနီးမှာ တွေ့ရှိကြောင်း၊ ယာဉ်မောင်းအမျိုးသား ၁ ဦးကို ခေါ်ယူစစ်ဆေးနေပြီး မူးယစ်ဆေးဝါးတွေကိုလည်း လိုအပ်သလို ဆက်လက်အရေးယူဖို့ မယ့်ဆွေရဲစခန်းကို သယ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။