close

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မညင်းတောင်ဒေသခံတယောက်က “ဒီနေ့မနက် ၉ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။ နေ့လယ် ၂ နာရီကျော်မှာလည်း တကြိမ်ဖြစ်တယ်။ ရစိုးချောင်း ဗျူဟာကုန်းက လက်နက်ကြီးက မနက်ကတည်းက အခုထိပစ်တုန်းပါ။ ရွာနားတွေမှာလည်း ကျတယ်။ ရွာသားတွေကတော့ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းတိုက်နယ်အတွင်းရှိ မညင်းတောင်ကျေးရွာမှာ အေအေတပ်တွေနဲ့ မြန်မာစစ်ကောင်စီတပ်တို့အကြား ဒီကနေ့မနက်က တကြိမ်၊ နေ့လယ်ပိုင်းမှာ တကြိမ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

လက်ရှိ မညင်းတောင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စိတ်တခုကို အေအေက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း ဒေသခံ သတင်းရင်းမြစ်တခုက ပြောပါတယ်။

“ညတိုက်ပွဲတော့ ပြင်းထန်လာမယ်ဗျ။ စစ်ကြောင်းထိုးလာတဲ့ တပ်စိတ်တခုကို အေအေဘက်က ဝိုင်းပြီး ပိတ်ဆို့ထားတယ်။ လက်နက်ကြီးကတော့ မနားတမ်း ပစ်နေတာပါပဲ။”

သြဂုတ် ၃၁ ရက်ကလည်း ရေစိုးချောင်းဗျူဟာမှ ကုလားချောင်းကျေးရွာကို ရိက္ခာဆင်းယူလာတဲ့ စစ်ကြောင်းကို အေအေဘက်က အလိုက်အငိုက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၄ ယောက် ကျဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up