အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ကျင်းပ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ တိုက်ခိုက်ဖို့ အရန်စစ်သည်အင်အား ၃ သိန်း ပြင်ဆင်ထားရေး အမိန့်ပေးပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးဝန်ကြီးတွေဟာ စက်တင်ဘာ ၂၁ ရက် နှောင်းပိုင်းမှာ နယူးယောက်မြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကုလသမဂ္ဂမှာ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ခေါင်းဆောင်များ စည်းဝေးပွဲအတွက် နယူးယောက်မြို့မှာ ရောက်နေကြတာပါ။
ယူကရိန်းနယ်မြေကို သိမ်းပိုက်ဖို့နဲ့ ရုရှားကိုကာကွယ်ဖို့ နျူလက်နက်သုံးမယ့် ခြိမ်းခြောက်မှု အပါအဝင် ပူတင်ရဲ့ ကြေညာချက်ဟာ ထိတ်လန့်ပြီး စိတ်ဓာတ်ကျစရာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်က ပြောပါတယ်။
“ဝန်ကြီးတွေဟာ ဒီခြိမ်းခြောက်မှုကို ဆွေးနွေးဖို့၊ ယူကရိန်းကို ဆက်ပြီး ထပ်လောင်း ပံ့ပိုးပေးဖို့နဲ့ ပူတင်က ကျနော်တို့အားလုံးကို လက်မခံနိုင်တဲ့ အခြေအနေထဲ ထိုးထည့်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးဖို့ လိုအပ်ပါတယ်” လို့ ဘော်ရယ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဝန်ကြီးတွေက ယူကရိန်းအတွက် စစ်ရေးအရ ဆက်ပံ့ပိုးကူညီမှုနဲ့ ရုရှားအပေါ် နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆွေးနွေးမယ်လို့လည်း သူက ပြောပါတယ်။
“ရုရှားက ယူကရိန်းကို ဖျက်ဆီးချင်နေတာ ရှင်းပါတယ်” လို့လည်း ဘော်ရယ်က ပြောခဲ့ပါတယ်။