close

ရုရှားကို ကုလသမဂ္ဂ အထူးခုံရုံးတင်ရန် ယူကရိန်းသမ္မတ တောင်းဆို

ရုရှားက ယူကရိန်းကို ကျူးကျော်မှုအတွက် ဘဏ္ဍာရေးပြစ်ဒဏ်တွေနဲ့ လုံခြုံရေးကောင်စီမှာ မော်စကိုရဲ့ ဗီတိုအာဏာကို ဖယ်ရှားတာ အပါအဝင် “ပြစ်ဒဏ်ချမှတ်ပေးဖို့ ကုလသမဂ္ဂ အထူးခုံရုံးတင်ဖို့” ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး စစ်ပွဲကာလအတွင်း တပ်ဖွဲ့ဝင်အင်အား ၃ သိန်းကို စည်းရုံးထားဖို့ အမိန့်ပေးပြီးနောက်မှာ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဇလန်းစကီးရဲ့ ကြိုတင်ရိုက်ကူးထားတဲ့ ဗီွဒီယိုမိန့်ခွန်းကို ကမ္ဘာ့ခေါင်းဆောင်တွေဆီ ပေးပို့ ပြောကြားထားတာပါ။

ဇလန်းစကီးက ရုရှားရဲ့ ရန်လိုမှုအတွက် ပြစ်ဒဏ်ပေးတာ၊ ယူကရိန်းရဲ့ လုံခြုံရေးကို  ပြန်လည်ထူထောင်ရေးနဲ့ နယ်မြေစိုးမိုးရေး ဂုဏ်သိက္ခာနဲ့ လုံခြုံရေး အာမခံချက်တွေ အပါအဝင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းလို့မရတဲ့ အခြေအနေ ၅ ခုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးရဲ့ မိန့်ခွန်းအဆုံးမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အများအပြားဟာ မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြပြီး ရုရှားကိုယ်စားလှယ်အဖွဲ့ကတော့ ထိုင်ရာက မထခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့အစောပိုင်းက ပူတင်က ရုပ်သံမိန့်ခွန်းမှာ ယူကရိန်းပြည်နယ် ၄ ခုကို သိမ်းပိုက်ပြီး ရုရှားကိုကာကွယ်ဖို့ နျူလက်နက်သုံးမှာဖြစ်ကြောင်း စစ်တပ်မူကြမ်းကို အမိန့်ထုတ်ခဲ့ပြီး ဒါဟာ လိမ်ညာပြောနေတာ မဟုတ်ဘူးလို့လည်း ကြေညာခဲ့ပါတယ်။

ယူကရိန်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ကြိုးပမ်းခြင်းကို ပြဋ္ဌာန်းထားပါတယ်။

ရုရှားက ယူကရိန်းအတွက် နေတိုးအဖွဲ့ဝင်ဖြစ်မှုဟာ ထိပါးချိုးဖောက်လို့မရတဲ့ အနီရောင်မျဉ်းဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း ကျူးကျော်ဝင်ရောက်မှု မစတင်မီကတည်းက ပြောထားပါတယ်။

ယူကရိန်းနဲ့ သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ရုရှားတပ်ဖွဲ့တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ နိုင်ငံရဲ့ နယ်မြေအသီးသီးမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားကြောင်း စွပ်စွဲထားပါတယ်။

ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up