မော်စကို တည်ထောင်ခြင်း ၈၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား သမ္မတပူတင် တက်ရောက်

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကို တည်ထောင်ခြင်း ၈၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၁၀ ရက်က မော်စကိုမြို့တော်ရဲ့ ကျော်ကြားတဲ့ ရင်ပြင်နီမှာ ပြုလုပ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ကာ မီးရှူးမီးပန်းတွေ ထွန်းညှိခဲ့ပါတယ်။
မော်စကိုဟာ "ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ သက်တောင့် သက်သာရှိဆုံး မြို့ကြီးတွေထဲကတခု" လို့ ပူတင်က ပြောခဲ့ပါတယ်။
ရုရှားအပါအဝင် နိုင်ငံနည်းနည်းကသာ လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ကိုယ်ပိုင်ကြွေးကြော်ထားတဲ့ ဒန်ညက်စ်နဲ့ လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံတွေရဲ့ မြို့တော်တွေကို ပြန်အသက်သွင်းဖို့ “ကြီးကျယ်တဲ့အလုပ်” ကို လုပ်နေတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။
ပျက်စီးသွားတဲ့ လူနေအဆောက်အအုံတွေ၊ လမ်းတွေ၊ ကျောင်းတွေကို ပြုပြင်နေပြီး ဆောင်းရာသီအတွက် ဒန်ညက်စ်နဲ့ လူဟန့်ကို ပြင်ဆင်သွားမယ်လို့ ပူတင်က ပြောပါတယ်။
ပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပူတင်ဟာ International Sambo စင်တာအသစ် ဆီကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး Ferris wheel ကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒွန်ဘတ်စ်ဒေသက ထောက်ပံ့ရေး လမ်းကြောင်းတွေပေါ်မှာရှိတဲ့ ယူကရိန်း အရှေ့ပိုင်းမြို့တွေ ဖြစ်တဲ့ ဘာလက်လီယာနဲ့ အစ်ဇိယံမြို့တွေကနေ ရုရှားတပ်တွေ ဆုတ်ခွာနေရချိန်မှာ ပူတင်က အခမ်းအနားတွေ တက်နေတာပါ။
ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘတ်စ်ဒေသလွတ်မြောက်ရေး အထူးစစ်ဆင်ရေးရဲ့ ဖော်ပြထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ရုရှားတပ်ဖွဲ့တွေကို ပြန်စုဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်မှာ ပြောထားပါတယ်။