close

ထိုင်းတွင် ကိုဗစ်-၁၉ လက္ခဏာမပြလျှင် ကွာရန်တင်းဝင်ရန် မလိုအပ်ဟု ဆုံးဖြတ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှု လျော့ပါးလာတာကြောင့် လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး အန္တရာယ်ရှိ ကူးစက်ရောဂါအဖြစ်မှ စောင့်ကြည့်ရမယ့် ရောဂါအဖြစ် အဆင့်လျှော့ချလိုက်သလို တခြားဖြေလျှော့မှုတွေလည်း ရှိလာတော့မှာ ဖြစ်ပါတယ်။

အဆင့်လျှော့လိုက်ပြီးနောက် ဆက်လက်လိုက်နာကျင့်သုံးရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတရပ်ကို ထိုင်းကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဦးစီးဌာနက  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကနေ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေဟာ ရောဂါမပြင်းထန်ရင် ဒါမှမဟုတ် ရောဂါလက္ခဏာမပြရင် ကွာရန်တင်းဝင်စရာမလိုဘဲ ၅ ရက်တာ  DMHT ဆိုတဲ့ ခပ်ခွာခွာနေ၊ Mask တပ်၊ လက်ဆေး၊ ATK စစ် စတာတွေကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာလေဆိပ်တွေမှာ ပြည်ပကဝင်ရောက်လာရင် အရင်လို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသား သက်သေခံလက်မှတ်လည်း ပြသစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေဟာ အရင်ရောဂါမပြန့်ပွားခင်ကလို ပုံမှန်အခြေအနေနီးပါး ပြန်ရောက်နေပြီဖြစ်လို့  Mask (နှာခေါင်းစည်း) ကိုလည်း မိမိအခြေအနေပေါ် မူတည်ပြီး တပ်လိုကတပ်၊ ဖြုတ်လိုက ဖြုတ်နိုင်ကြောင်း၊ လူသိပ်သည်းထူထပ်တဲ့နေရာ၊ မိမိနဲ့ မသိကျွမ်းတဲ့ မျက်နှာစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ တပ်ထားသင့်ပြီး လေဟာပြင်မှာ တယောက်တည်း ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရင်တော့ တတ်ဖို့မလိုကြောင်း၊ Mask တပ်တာ မတပ်တာဟာ ကိုယ့်သဘောမို့ အပြစ်မြင်လို့မရကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာ အနုထင်းချန်းဝီရကွန်းက အစည်းအဝေးအပြီးမှာ သတင်းထောက်ကို ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ထုတ်ပြန်ခဲ့ရတဲ့ အရေးပေါ်အခြေအနေ စည်းကမ်းချက်တွေနဲ့ ပတ်သက်လို့တော့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ စက်တင်ဘာ ၂၃ ရက် အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေမှာ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ ပိုးကူးစက်ခံရသူ လူနာသစ် ၇၅၂ ယောက်၊ သေဆုံးသူ ၉ ယောက်၊ သက်သာပျောက်ကင်းသူ ၇၉၄ ယောက်၊ လက်ရှိ ဆေးကုသမှုခံယူနေသူ ၈,၂၃၅ ယောက်ရှိပြီး ဒီ ၂၀၂၂ ဇန်နဝါရီလကနေ ဒီနေ့ထိ ကူးစက်ခံရသူ ၂,၄၅၃,၆၅၅ ‌ယောက်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up