close

တမူး-အောင်ဇေယျလမ်းတွင် စစ်တပ်နှင့် တမူး PDF တိုက်ပွဲဖြစ်ပွား

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ တမူးမြို့ကနေ ‌အောင်ဇေယျရွာဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကား ၆ စီး၊ ခြေလျင်စစ်ကြောင်းအင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ တမူး PDF တပ်ဖွဲ့ဝင်တွေကြား တနာရီလောက် တိုက်ပွဲကြာမြင့်ခဲ့ပြီး စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ခန့် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာမရဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့‌ကြတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတော်ထိခိုက်ဒဏ်ရာရတယ်ဗျ။ လမ်းဘေးမှာကို ကျင်းတွေတူးပြီး မြေမြှုပ်နေတာ။ ဆရာစံရွာနဲ့ ဝက်ရှုရွာကြားမှာ မြေမြှုပ်နေတယ်ဗျ။”

တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၁ အနေနဲ့ လတ်တလော ရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် မိဘပြည်သူတွေ တမူး-အောင်ဇေယျ ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေမပြုဖို့ သတိပေးထားပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက်မနည်း ရှိကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိနေပြီလို့ ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up