close

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် PDF တပ်ဖွဲ့ဝင်၏နေအိမ် မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ထမင်းမစားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိတ်ပိတ်ခံထားရတဲ့ PDF တပ်ဖွဲ့ဝင်ရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁)နဲ့ မဟာမိတ်အဖွဲ့တွေက ထမင်းမစားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အိမ်မီးရှို့ခံရတာ ဖြစ်ပါတယ်။

မီးရှို့ခံရတဲ့အိမ်ဟာ စစ်ကောင်စီဂိတ်ရဲ့ အနောက်ဘက်နားမှာရှိတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်ကိုသန့်ဇင်ဦးရဲ့ နေအိမ်ဖြစ်တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

ထမင်းမစားရွာမှာ ချိတ်ပိတ်ခံထားရတဲ့နေအိမ် ၄ အိမ်စလုံးဟာ  PDF တပ်ဖွဲ့ဝင် ကိုသန့်ဇင်ဦးရဲ့ မောင်နှမတွေရဲ့ အိမ်တွေဖြစ်ပြီး မိဘတွေကအစ အားလုံး PDF ထဲမှာဖြစ်တယ်ပါတယ်။

အဆိုပါနေအိမ်ကို စစ်ကောင်စီတပ်က ကိုယ်တိုင်မီးရှို့ခဲ့တာမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ လက်ပါးစေ  ရွာခံပျူစောထီးတပ်ဖွဲ့ဝင်တွေက  (ယခင်အခေါ် - ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များ)က မီးရှို့ဖျက်ဆီးလိုက်တာလို့ ရွာသားတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) ထုတ်ပြန်ချက်မှာတော့   နာရီဝက်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်သုံးအိမ်  မီးရှို့ခံခဲ့ရတယ် ဖော်ပြပါတယ်။ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထမင်းမစားရွာဟာ မြိတ်-ထားဝယ်ကားလမ်းမကြီးပေါ်က ပလောက်စစ်တပ်နဲ့ ပုလောစစ်တပ်နှစ်ခုကြားတည်ရှိပြီး အရင်တုန်းကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up