close

ဘုတလင်မြို့အဝင်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင်က ကြောင်ပန်းတောရလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က လက်နက်ကြီးနဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အဲဒီဂိတ်ဟာ မုံရွာ-ဘုတလင်လမ်းနဲ့ ဘုတလင်-တွင်းတောင်သွား လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ပစ်ခတ်တာကတော့ တဂျိမ်းဂျိမ်းနဲ့ပဲဗျာ။ ဘာတွေဖြစ်မယ်ဆိုတာကိုတော့  သွားလည်း မကြည့်ရဲဘူး။ ဘာကြောင့် ပစ်ခတ်ခံရတာလဲဆိုတော့ ကျနော့်အထင်ကတော့ ဒီကောင်တွေ စစ်ဆေးတာတွေက ကြမ်းချက်ဗျာ။ ဘာသယ်သယ် မထင်ရင်မထင်သလို အကုန်သိမ်းတာတွေ၊ ငွေအတောင်းကြမ်းတာတွေက အခုလို အပစ်ခံရတာ ဖြစ်နိုင်တယ်” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။ 

ဘုတလင် ဗိုလ်တိုက်မောင်းအဖွဲ့ တာဝန်ရှိသူက “ပစ်ခတ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ပစ်ခတ်ခဲ့တာက ၆၀ မမ ၇ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ဘာကြောင့် အခုလိုပစ်ခတ်ရတာလဲဆို လမ်းသွားလမ်းလာတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် အမျိုးမျိုး လုပ်ဆောင်နေတာကြောင့် အခုလိုပစ်ခတ်ရတာ ဖြစ်တယ်ဗျ။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ဘက်ကတော့ လုံးဝအထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။ 

အခုတိုက်ခိုက်တာကို ဗိုလ်တိုက်မောင်းအဖွဲ့ အပါအဝင် ဒေသခံ Local PDF နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လပိုင်းကလည်း ဘုတလင်ဒုံးပျံအဖွဲ့က ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up