close

ရွှေပြည်သာမြို့နယ်တွင် ဗုံးနှစ်ကြိမ်ပေါက်ပြီး ပစ်ခတ်မှုအချို့ဖြစ်

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့ ပန်းခြံဘက်မှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ပြီး ပစ်ခတ်မှုတချို့ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် စက်မှုလမ်းနဲ့ မကွေးလမ်းထောင့်က ရပ်ကွက်အုပ်ချုပ်မှူးရုံးနားမှာ မနေ့ည ၈ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ 

“ရပ်ကွက်ရုံး ဗုံးနဲ့ပစ်ခံရပြီး ပေါက်တာ။ ညဘက်ကြီး ဆူညံနေတာပဲ။ မီးကလည်း ပျက်နေတယ်ဆိုတော့ သေ၊ မသေတော့ မသိဘူး” 

ရပ်ကွက်အုပ်ချုပ်ရုံး ဗုံးနဲ့အပစ်ခံရပြီးနောက် ပန်းခြံဘက်မှာလည်း ၈ နာရီကျော်က ဗုံးတလုံး ထပ်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ဗုံးနှစ်ကြိမ် ပေါက်တယ်။ သာဓုကန်ဘက်က စစ်တပ်အနားမှာ ပစ်ခတ်မှုဖြစ်တယ်။ သေနတ်သံ လေး ငါး ခြောက်ချက်ပဲ။ အပြန်အလှန်ပစ်တာလား။ စစ်တပ်ကပဲ ဗုံးပေါက်လို့ ရမ်းသန်းပစ်တာလား။ မပြောတတ်ဘူး”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ရွှေပြည်သာမြို့နယ်အတွင်း ကားနဲ့ လှည့်ကင်းလှည့်ပြီး ရပ်ကွက်တချို့ကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မနေ့ညက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေမှာ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ဒဏ်ရာရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရသိရပြီး ဒီဗွီဘီ သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

YUGA (MO_7 Eagle) အဖွဲ့ကတော့ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ ရွှေပြည်သာမြို့နယ်  ၂၀ ရပ်ကွက် အုပ်ချုပ်ရေးရုံးက ရပ်ကျေးအဖွဲ့ဝင်တွေကို CDM လုပ်ဖို့ အသိပေးခဲ့ပေမယ့် မလိုက်နာတဲ့အတွက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၈ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ် ၁ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up