မာဆာအာမီနီသေဆုံးမှု စုံစမ်းစစ်ဆေးမည်ဟု အီရန်သမ္မတ ပြော

အီရန်နိုင်ငံမှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးငယ် မာဆာ အာမီနီရဲ့ အမှုကို သေချာပေါက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတ အီဘရာဟင်မ်ရိုင်စီက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီကိစ္စကို ဦးစားပေးကိုင်တွယ်သွားမယ်လို့ အာမီနီရဲ့ မိသားစုကို ပြောခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။
လာမယ့်ရက်တွေအတွင်း မှုခင်းဆေးပညာဌာနက အာမီနီ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ပြပေးရမယ်လို့ အမိန့်ပေးထားပါတယ်။
အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ တင်းကျပ်တဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ကြပ်မတ်ပေးရတဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဟာ အနောက်မြောက်ပိုင်း ကာ့ဒ်မြို့ စကွဇ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အာမီနီကို ဘာသာရေးအရ ဝတ်ဆင်ရတဲ့ ခေါင်းစည်းပုဝါ ဝတ်စားဆင်ယင်မှု မသင့်တော်မှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ အာမီနီဟာ သတိမေ့မြောသွားခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။
စက်တင်ဘာ ၁၃ ရက်မှာ အာမီနီသေဆုံးမှု ဖြစ်ပွားပြီးကတည်းက ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်း မြို့ပေါင်း ၈၀ ကျော်ကို ပျံ့နှံ့ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရလိုလားတဲ့ ပြည်သူ့စစ်တွေ အပါအဝင် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ အီရန် လူ့အခွင့်အရေး အဖွဲ့တွေကတော့ သေဆုံးသူဦးရေ ပိုများလာတယ်လို့ ပြောပါတယ်။