close

ရသေ့တောင်မြို့နယ်​၌ အေအေက စနိုက်ပါဖြင့်ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်သား ၄ ဦးသေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ  စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၃ နာရီကျော်လောက်က ဆောက်ခပ်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်စခန်းမှ ရေခပ်ထွက်လာကြတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို  ကင်းပုန်းဝပ်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် စစ်သား ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အေအေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)နဲ့ နီးစပ်သူတဦးက" သူတို့ ၅ ဦးက ဘုန်းကြီးကျောင်းနားက ရေကန်ကို ရေခပ်ဖို့ ထွက်လာကြတာ။ ကင်းပုန်းဝပ်နေတဲ့ အေအေတပ်ဖွဲက စနိုက်ပါနဲ့ ပစ်လို့ ၄ ယောက် ပွဲချင်းပြီး သေတယ်။ ၁ ယောက် ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ဆောက်ခပ်ကျေးရွာစစ်စခန်းကနေ  လက်နက်ငယ်တွေနဲ့ ပြန်ပစ်တဲ့အတွက် မိနှစ် ၂၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့အခြေစိုက် တပ်ရင်း ၅၃၆ နဲ့ ၅၃၇ တို့ကလည်း ဆောက်ခပ်ရွာပတ်ဝန်းကျင်ကို ၁ နာရီလောက်ကြာအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရသေ့တောင်ဒေသခံတွေက ပြောပါတယ်။

ဆောက်ခပ်ကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး ၂၀၁၉-၂၀၂၀ တိုက်ပွဲတွေကြောင့် ရွာသူ/ရွာသားတွ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်းစခန်းတွေနဲ့ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတာပါ။

ရသေ့တောင်မြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးနီးပါး ရက္ခိုင်တပ်တော်က ရိက္ခာ၊ လက်နက် လမ်းကြောင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ပိတ်မိနေတဲ့အနေအထားမှာရှိနေတယ်လို့ ရသေ့တောင်မြို့နယ် စစ်ရေးလေ့လာသူ တဦးက ပြောပါတယ်။

"ရသေ့တောင်နယ်ထဲမှာ ချထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေအားလုံး အေအေဘက်က ပိတ်ထားတာတွေ့ရတယ်။ ရေစိုးချောင်းဗျူဟာတောင် ပိတ်မိနေတာ။‌ ရေစိုးချောင်းဗျူဟာကို လက်နက်နဲ့ ရိက္ခာလာပို့တဲ့ ဇက် ၅ စီး လောက် လှည့်ပြန်သွားရတယ်။ သူတို့ ဆင်းမယူဝံကြဘူး။"

ကျောက်ပန္ဒူကျေးရွာနားက "မြိုယု" ကျေးရွာနေ မြိုလူမျိုးတွေကို  တောင်ကျော်ပြီး စစ်တပ်က ရိက္ခာပို့ ခိုင်းတဲ့အတွက် ကျောက်ပန္ဒူ တောင်ကျော်လမ်းကို အေအေဘက်က ပိတ်ထားလိုက်ပါတယ်။

Photo=AA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up