close

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မုံရွာမြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ခုတ်မောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရေယာဉ်အုပ်စုကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသ‌ကာကွယ်ရေးတပ်ဖွဲ့တွေက  ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအောက်ပိုင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၇ စင်းကို ၂၀၀ မမ နှစ်လုံးတွဲ လက်လုပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့က‌ ပြောပါတယ်။

ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက "သင်္ဘော ၇ စင်းထဲကမှ နောက်ဆုံး သုံးစင်းတွဲကို လက်လုပ် ၂၀၀ မမ နှစ်လုံးတွဲနဲ့ ပစ်ခတ်ခဲ့တာပါ။ သူတို့ သင်္ဘောတွေမှာက လမ်းမှာ ဖြတ်တိုက်မှာ ကြောက်တော့ တာယာတွေပတ်လည် စီပြီး ကာထား ကြတာ။ လက်နက်ကျည် မှန်တော့ တာယာတွေပါ ပြုတ်ထွက်ကျကုန်တယ်။ သင်္ဘောပေါ်က ကြောက်အားလန့်အားနဲ့ အော်ဟစ်ဆဲဆိုပြီး ပစ်တာတွေ ရှိတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သင်္ဘောပေါ်က ပြန်လည်ပစ်ခတ်ရာမှာ ရိုက်ကူးရေး ကင်မရာ ၁ လုံး ဆုံးရှုံးခဲ့ရပြီး သင်္ဘော‌တွေပေါ်မှာ Jumper တပ်ဆင်ထားတဲ့အတွက် ဒရုန်းနဲ့ ၁ မိုင် အကွာကနေ ရိုက်ကူးခဲ့တာကြောင့် ရန်သူ့ဘက်မှ အသေပျောက်ရှိနိုင်ပေမဲ့ အတိကျ မသိရ သေးဘူးလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီရေကြောင်း တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (CRA)၊ တပ်ရင်း၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ (အထူးကွန်မန်ဒိုတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မနက်ပိုင်းက  မုံရွာမြို့ဘက် ဆန်တဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပလက်ခွံရေယာဉ် ၂ စင်းနဲ့ စစ်သင်္ဘော ၁ စင်းကို လက်နက်ကြီးအပါဝင် မိုင်းတွေနဲ့ တိုက်ခိုက်ရာ စစ်သင်္ဘောအင်ဂျင် တလုံး ပျက်စီးသွားတယ်လို့ သိရပြီး အဲဒီနောက် လေယာဉ်‌ဆီပေပါတင် ရေယာဉ်ကိုလည်း ဆက်လက်တိုက်ခိုက်ရာမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ Monywa  Peregrine People's Defence Force ရဲ့ တပ်ဖွဲ့ဝင် တဦးက "စစ်သင်္ဘောက အင်ဂျင်ထိပြီး မီးခိုးတွေအူသွားတယ်။ နောက်ပြီး ဆီသင်္ဘောလည်း ထိမှန် မီးလောင်တာရှိတယ်။ ‌စစ်ကောင်စီဘက်က အသေပျောက် ရှိတယ်လို့ သိထားရပေမဲ့ စာရင်း အတိကျ မသိရသေးဘူး။ ဒဏ်ရာရသူတွေလည်း များတယ်လို့ သိထားရပါတယ်" လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးကိုတော့ Monywa Peregrine People’s Defence Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ-PDF၊ Farmers Revolution Force မုံရွာခရိုင်တပ်ရင်း(၈-၉-၁၀)၊ လင်းယုန်-ပြည်သူ့ကာကွယ်ရေးတပ်၊ မုံရွာခရိုင်တပ်ရင်း-၁ (MPDF)၊ ဇာမဏီ-ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ ကျေးရွာ(ပ.က.ဖ)တို့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ်က ရေယာဉ်တွေနဲ့ ရိက္ခာ တင်ဆောင်တာနဲ့ လူအင်အား ဖြည့်တာတွေရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up