close

မြောက်ဦးမြို့တွင် ဆေးဆိုင်ပိုင်ရှင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင် တယောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ရပ်ကွက် မြို့မစျေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးဘကျော်(ခ)ဦးမောင်မြသိန်းကို မနက် ၁၀ နာရီခွဲလောက်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံ တယောက်က ပြောပါတယ်။

အသက် ၅၉ နှစ်ရှိ ဦးဘကျော်ဟာ ဘားဘူတောင်၊ တောင်ရပ်ကွက်မှာ ဇနီး၊ သား နှစ်ယောက်၊ သမီးတယောက်နဲ့ အတူနေထိုင်ကာ သူ့ကို ခမရ ၃၇၇ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ၊ သတင်းထောက်တွေနဲ့ ရခိုင်လူမျိုး ဝန်ထမ်းတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးနေသလို ရပ်ကွက်၊ ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တကျော့ပြန် စစ်ပွဲ ဖြစ်တာ အခုဆို တလကျော်လာပြီဖြစ်ပြီး စစ်ဘေးရှောင် ဦးရေဟာလည်း ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၅ ရက်အထိ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပါတယ်။

ဒီအထဲမှာ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တို့မှာ  အသစ်ထပ်မံ နေရပ်စွန့်ခွာလာရသူ စစ်ဘေးရှောင် ၄၉၅၉ ဦးရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up