close

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီက အောက်တိုဘာ ၂ ရက်ကစလို့  ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လမ်းမကြီးတွေ၊ အများပြည်သူသွားလာရာလမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဥ်နဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာအားလုံးမှာ ညမထွက်ဖို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲတာ၊ ချောင်းမြောင်းပစ်ခတ်တာ၊ ရဲစခန်းနဲ့ ရဲကင်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ အရပ်သား အယောင်ဆောင်ပြီး တိုက်ခိုက်တာကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်တာဆိုပြီး အောက်တိုဘာ ၃ ရက်က စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မြို့ပေါ်မှာ လိုက်လံကြေညာနေတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ဘာအကြမ်းဖက်သမားမှ မရှိတဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်တွေကသာ ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ စက်တင်ဘာလတလ အတွင်း ရခိုင်ပြည်နယ်အတွင်းက အပြစ်မဲ့  ပြည်သူ ၆ ယောက်သေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ပုဏ္ဏားကျွန်းမြို့ခံတစ်ယောက်က ပြောပါတယ်။  

“ဘယ်သူအကြမ်းဖက်လည်းဆိုတာ တနိုင်ငံလုံးတကမ္ဘာလုံးသိတယ်။ အခုလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ပြည်သူလူထုကို ဘာတွေဒုက္ခပေးဦးမလဲတော့မသိဘူး။ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာလည်း  စစ်(...)တွေ သောက်စားမူးရူးပြီး လက်နက်ကြီးနဲ့ ညတိုင်းပစ်တယ်။ ကျနော်တို့မြို့မှာတော့ အဲလိုပစ်တာမရှိသေးပေမဲ့  အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေရှိတယ်။”

ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ဒုရဲအုပ်တစ်ယောက်နဲ့ နယ်ထိန်းဒုတပ်ကြပ်တယောက်ကို အောက် တိုဘာလ ၁ ရက်က ရက္ခိုင့်တပ်တော်(အေအေ)က ဖမ်းဆီးသွားတယ်လို့  သိရပါတယ်။

စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီကစက်တင်ဘာလ ၂၄ ရက်ကစလို့  ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up