close

စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ PDF ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နဲ့ ခင်ဦးမြို့ မူးတိမ်ချောင်းတံတားမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံးခဲ့သလို ဆားလင်းကြီး ကျားတက်စခန်းသိမ်းတိုက်ပွဲမှာတော့ PDF တပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီမှာ မုံရွာမြို့ပေါ် တိုင်းအစိုးရရုံးအနောက်ဘက်လမ်းမှာ စစ်ဆေးရေးလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူ‌စောထီးပူးပေါင်းအဖွဲ့ကို Chindwin Attack Force အဖွဲ့က ပြောက်ကျားစစ်ဆင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်တာကြောင့် အစောင့်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက်၊ ရဲ နှစ်ယောက်နဲ့  ပျူစောထီး ငါးယောက်ထက်မနည်း  သေဆုံးခဲ့တယ်လို့ Chindwin Attack Force အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၃ ရက် မနက် ၁၀ နာရီက ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာနဲ့ သာဂရကျေးရွာကြားက မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ရှစ်ယောက် သေဆုံးခဲ့တယ်လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့ Hero Army - Khin U မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"မူးတိမ်ချောင်းတံတားကနေ အထိုင်ချ တပ်စွဲထားကြတာ။ အနီးနားက ရွာတွေလည်း ပတ်မွှေ နေကြတာ။ သူတို့ တပ်စွဲထားတဲ့ နေရာကို မဟာမိတ်အဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ရှစ် ကောင်ပွဲချင်းပြီး သေတယ်လို့ အတိကျသတင်းရတယ်။"

နိုဝင်ဘာ ၂ ရက်  ဆားလင်းကြီးမြို့နယ်က ပျူစောထီးတွေ အထိုင်ချတဲ့ ကျားတက်စခန်းသိမ်း တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွာရေးတပ်ဖွဲ့ တဦးက ပြောပါတယ်။

သေဆုံးခဲ့ ရဲဘော် နှစ်ယောက်ဟာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ ရဲဘော်ပိန္နဲစေ့နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝလုံးဖြစ်တယ်လို့ သိရပါတယ်။

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က  သေဆုံးသူ အရေအတွက်ကို မသိရသေးပါဘူး။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သေဆုံးတာတွေနဲ့ ပတ်သက်လို့လည်း သီးခြားအတည် မပြုနိုင်ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up