close

ပုလောတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ချောဆွဲခံ ပြည်သူ ၂ ဦးလည်းသေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့ဘက်ကနေ မြိတ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၃ ရက်၊ ညနေ ၃ နာရီလောက်က ပြည်သူ့ကာကွယ်ရေး​တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ လောက် ထိခိုက်သေဆုံးသလို ချောဆွဲခံလာရတဲ့ ပြည်သူ ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။ 

မြေတင်ကားကြီး ၂ စီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီး ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီလောက်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

တိုက်ပွဲဖြစ်ပွားနေတုန်း ၈ မိုင်လောက်ဝေးတဲ့ စက်တော်ရာကျေးရွာဘက်ကနေ ခြေလျင်စစ်ကူလာတဲ့ အင်အား ၅၀ လောက် စစ်ကောင်စီတပ်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ​ဖွဲ့ဝင် အယောက် ၂၀ လောက်သေပြီး ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး အနီးအနားရွာခံတွေရဲ့ ပြောကြားချက်နဲ့ မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်အရ အတည်ပြုနိုင်တယ်လို့လည်း သူကပြောပါတယ်။ 

ဒါ့အပြင် တိုက်ပွဲအတွင်း မြေတင်ကား ၂ စီးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချောဆွဲခေါ်လာတဲ့ ကားသမား အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး ၁ ယောက်ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၃၀ ကျော်အရွယ်ရှိကြတဲ့ အဲဒီအမျိုးသား ၃ ယောက်ဟာ စက်တော်ရာ၊ ပလ၊ ကြဲ ကျေးရွာတို့ကဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က စွန့်ပစ်ထားခဲ့ပါတယ်။ 

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာတော့မရှိပါဘူး။ 

တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလ​င်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး၊ ကျည်ဆံတချို့နဲ့  ဖုန်း၊ ပိုက်ဆံအနည်းငယ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး အကျအဆုံးတွေလည်း ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up