မြဝတီ-ဝေါ်လေလမ်းတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းမှ ကင်းထောက်ပျံသန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအနီး လူခို့(ဒေသအခေါ်) နေရာမှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်က လေကြောင်းကနေ ကင်းထောက်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၄ ရက် နေ့လယ် ၂ နာရီလောက်ကစတင်ပြီး စစ်ကောင်စီရဲ့ တပ်မ ၄၄၊ နည်းဗျူဟာ ၄၄၁ လက်အောက်ခံ ခမရ ၁၀၂၊ ခလရ ၈၊ ခမရ ၁ အပြင် ခလရ ၂၀၇ က တပ်ကူအနေနဲ့ ပါဝင်လာပြီး နယ်မြေကျော်ဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် KNLA တပ်ရင်း ၂၇ ကော်ဘရာပူးပေါင်း စစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ ၂ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ညနေ ၃ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဖလူးတပ်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးပစ်ကူပေးပြီး ဝင်ရောက်ဖို့ ကြိုးစားလာတဲ့အတွက် KNLA ပူးပေါင်းတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို နေပြည်တော်လေဆိပ်ကနေ ကင်းထောက်လေယာဉ် MPA ATR(42)၊ လေယာဉ်အမှတ် ၀၀၆ နဲ့ တိုက်ပွဲဖြစ်ပွားနေချိန် ၁ နာရီခွဲအကြာ ကင်းထောက်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တွေက ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ခမရ ၁၀၂ တပ်ဘက်က ၂ ဦး သေဆုံးပြီး အရာရှိ ၁ ဦးအပါအဝင် ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့သလို စစ်ကောင်စီရဲ့ မြွေသုံးကောင်ဘုရားကုန်းကို Federal Wings Drone အဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူစာရင်းကို အတည်ပြုစုံစမ်းဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲတွေဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။