close

ဘန်ကောက်တွင် ဖမ်းဆီးခံရသည့် မြန်မာလက်နက်ပွဲစားနှင့် ဆက်နွှယ်ပြီး ထိုင်းလွှတ်တော်အမတ်ကို စစ်ဆေးမည်

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့စက်တင်ဘာလက မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်ပြီး ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပါကျရိယန်းကွန်းကို အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က စစ်ဆေးမယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှာ တရားရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ စာထွက်ပြီလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပြီး ညနေ ၄ နာရီမှာတော့ ဖမ်းဝရမ်းစာ မဟုတ်တော့ဘဲ ခေါ်ယူစစ်ဆေးမယ့်စာအဖြစ် ပြောင်းလဲသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

နိုင်းဥပကစ်ဟာ ဦးထွန်းမင်းလတ်နဲ့ နှစ်ပေါင်းအတော်ကြာ စီးပွားရေး အတူလုပ်ကိုင်ခဲ့ပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုမရှိကြောင်း ဦးထွန်းမင်းလတ်ဘက်ကနေ ကာကွယ်ပြောဆိုပြီး မဟုတ်မမှန် စွပ်စွဲသူတွေကို ပြန်ပြီးတရားစွဲမယ်လို့လည်း ထုတ်ပြန် ခြိမ်းခြောက်ခဲ့ပါတယ်။

သူတို့ဟာ မယ်ဆိုင်နဲ့ တာချီလိတ်ကြား လျှပ်စစ်စွမ်းအင်နဲ့ ဂက်စ်တင်ပို့ရေး Allure Group Co., Ltd. ဖက်စပ်ကုမ္ပဏီ၊ တာချီလိတ်ရှိ ဟိုတယ်လုပ်ငန်းတွေ အတူလုပ်ကိုင်ခဲ့ပြီး နှစ်နိုင်ငံ ငွေလွှဲတဲ့အခါမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကပါ ငွေလွှဲထားတဲ့ အထောက်အထားတွေကို  ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ရရှိခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကုမ္ပဏီတာဝန်ရှိသူတွေဖြစ်တဲ့ ဦးထွန်းမင်းလတ်ကို ဘန်ကောက် ဖရလမ်းကောက် အဆင့်မြင့်ကွန်ဒိုမီနီယံတခုမှာ ဖမ်းဆီးခဲ့သလို နိုင်းဥပကစ်ရဲ့ သားမက်ဖြစ်သူ နိုင်းယန်လွီကို ဘန်ကောက်ဆုခိုမစ်နယ်မြေ၊ ထိုင်းအမျိုးသမီး ၂ ယောက်ကို ချင်းရိုင်းခရိုင်မှာ အသီးသီးဖမ်းဆီးခဲ့ပြီး သူတို့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

နိုင်းယန်လွီဟာ ကုမ္ပဏီဒါရိုက်တာဖြစ်ပြီး ထိုင်းအမျိုးသမီး ပီယဒါက ငွေစာရင်းကိုင်၊ နမ့်ဟွမ်က ဦးထွန်းမင်းလတ် ကိုယ်စားလှယ် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီမှာ အဖွဲ့ဝင်ပေါင်း ၄၉ ယောက်ရှိပြီး လုပ်ငန်းလည်ပတ်ငွေ ဘတ်သန်းပေါင်း ၁၅၀ ကျော်ရှိကြောင်း၊ အရောင်းအဝယ်ငွေလွှဲတဲ့ ဘဏ်စာအုပ်ပေါင်း ၂၅၀ အုပ်ရှိကာ အဲဒီထဲမှာ မနှစ်က မူးယစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကင်းနွန်ထပူရီအဖွဲ့မှ တရားခံတွေက ငွေသန်းနဲ့ချီ လွှဲထားတဲ့ အထောက်အထားတွေပါ ပါဝင်နေတာမို့ ဦးထွန်းမင်းလတ်တို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနဲ့ ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဦးထွန်းမင်းလတ်ဆိုသူမှာ လက်ရှိ မြန်မာအာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်ပြီး သူဟာ စစ်ကောင်စီက လက်နက်တွေဝယ်ယူရရှိရေး ဆောင်ရွက်ပေးနေသူ၊ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံက မြန်မာပြည်ထဲရှိ သူ့စီးပွားရေးတွေကို ပိတ်ဆို့ထားပြီး ပြည်ဝင်ခွင့် ပိတ်ခံရသူတယောက်ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up