ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွဆေး ၂ သန်းခွဲနှင့် အိုက်စ်မူးယစ်ဆေး ၇၀၀ ကီလိုဖမ်းမိ






ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မူးယစ်ရာဇာ သုံးယောက်၊ ဆက်နွှယ်သူ ၁၈ ယောက်တို့ကို စိတ်ကြွဆေးပြား ၂ သန်းခွဲ၊ အိုက်စ်မူးယစ်ဆေး ၇၀၀ ကီလိုဂရမ်၊ ကား ၉ စီးတို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ ရဲချုပ်က အောက်တိုဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မူးယစ်ဆေးတွေဖမ်းဆီးရမိတဲ့ ဖြစ်စဉ် ၃ ခုရှိပြီး အိမ်နီးချင်းနိုင်ငံနယ်စပ်ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးစားစဉ် ဖမ်းဆီးရမိတာလို့ ခရိုင်ရဲချုပ် ဒမ်းရုန်းဆဒ်က ပြောပါတယ်။
ပထမဖြစ်စဉ်မှာ လမ်းပန်းခရိုင် မဲ့ဖရစ်မြို့နယ် မဲ့ဖရစ်စစ်ဆေးရေးဂိတ်မှာ ပြောင်းဖူးတွေ အပြည့်တင်လာတဲ့ကား နှစ်စီးကို မသင်္ကာလို့ X-ray စက်နဲ့ စစ်ဆေးလိုက်စဉ် အိုက်စ်မူးယစ်ဆေးတွေ ဝှက်ပြီးသယ်ဆောင်လာတာလို့ ဆိုပါတယ်။
ကား တစီးကို အိုက်စ်ဆေး အလေးချိန် ၃၅၀ ကီလိုဂရမ်နဲ့ နှစ်စီးပေါင်း ၇၀၀ ကီလို ဖမ်းမိကြောင်း၊ အဆိုပါကား နှစ်စီးကနေ ယာဉ်မောင်းနဲ့ အဖော် စုစုပေါင်း အမျိုးသား လေးယောက်ကို အရင်ဖမ်းမိကာ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ အရှေ့က လမ်းပြအဖြစ်သွားနေတဲ့ ကား တစီး လူနှစ်ယောက်ကိုလည်းဖမ်းမိခဲ့ပါတယ်။
အဆိုပါအိုက်စ်ဆေးတွေဟာ ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ် မြန်မာနယ်စပ်ကနေ သယ် ဆောင်လာပြီး နခွန်းဆီထမရတ်ခရိုင်ကို သွားပို့ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယဖြစ်စဉ်ကတော့ ချင်းမိုင်ခရိုင် ချိုင်းပကန်းမြို့နယ်ထဲမှာ ဖြစ်ကြောင်း၊ အမျိုးသားတယောက် မောင်းပြီး အမျိုးသမီး တယောက်က ဘေးကနေလိုက်စီးလာတဲ့ အိမ်စီးကား တစီးပေါ်ကနေ စိတ်ကြွဆေး ၄၄၀၀၀၀ ကိုအရင်မိကာ ဟိုတယ်တစ်ခုတည်းမှာ အတူတည်းခဲ့တဲ့ အမျိုးသား နှစ်ယောက်ထံက စိတ်ကြွဆေး ၅၆၀၀၀၀ နဲ့ ကား နှစ်စီးကို ဖမ်းမိခဲ့ပါတယ်။
သူတို့ လေးယောက်ဟာ အဆိုပါမူးယစ်ဆေးတွေကို ဖန်မြို့နယ်ရှိ နိုင်းကျီလဆစ်ထံမှ သယ်ယူခဲ့တာလို့ ထွက်ဆိုတာကြောင့် နိုင်းကျီလဆစ်ကို နောက်ထပ်စိတ်ကြွဆေး ၅ သိန်း ၊ ဆိုင်ကယ် တစီးနဲ့အတူ ထပ်ဖမ်းမိပါတယ်။
တတိယဖြစ်စဉ်ကတော့ ဖရဲ့ခရိုင်ဆောင်မြို့ နန်းဖစစ်ဆေးရေးဂိတ်မှာ လူ ခုနှစ်ယောက် ကား နှစ်စီးပေါ်ကနေ စိတ်ကြွဆေးပြား ၁ သန်းဖမ်းမိခဲ့တယ်လို့ ထိုင်း ရဲချုပ်က ပြောပါတယ်။