မွတ်စလင်အမျိုးသမီးသေဆုံးမှုကိစ္စ အီရန်ခေါင်းဆောင် ခါမေနီက ရန်ဘက်နိုင်ငံများကို ပြစ်တင်

အီရန်အမျိုးသမီး မာဆာအာမီနီ အကျဉ်းကျခံနေရတုန်း သေဆုံးမှုဟာ အီရန်ရဲ့ ရန်သူတွေက နှိုးဆော်တဲ့ ခါးသီးတဲ့ဖြစ်ရပ်တခုလို့ အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင်တယောက်ရဲ့ အစဉ်အလာ မဟုတ်ဘူးလို့ ယူဆရတဲ့ အဝတ်အစားတွေ ဝတ်ထားလို့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး အာမီနီ ဖမ်းဆီးခံရပြီး သေဆုံးမှုအတွက် ပထမဆုံးမိန့်ခွန်းမှာ ခါမေနီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။
ခါမေနီကတော့ အမေရိကန်နဲ့ အစ္စရေး အပါအဝင် အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ မဟာရန်ဘက်တွေက အနှောင့်အယှက်တွေကို ကြိုးကိုင်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဒီစကားကြောင့် အာမီနီသေဆုံးမှုအတွက် သီတင်းပတ် ၂ ပတ်ကျော်ကြာ ဆန္ဒပြ မငြိမ်မသက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းရာမှာ ပိုပြင်းပြင်းထန်ထန် ဖြိုခွင်းလာနိုင်တယ်လို့ မီဒီယာတွေက မှတ်ချက်ပေးခဲ့ပါတယ်။
အာမီနီ သေဆုံးပြီး နှစ်ပတ်ကျော်ကြာအောင် မငြိမ်မသက် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ စေတနာ့ဝန်ထမ်း ဘာဆစ်ဂျ် ပြည်သူ့စစ်တို့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ဦးဆောင်နေတာပါ။
ဖြိုခွင်းပုံကြောင့် သေဆုံးသူဦးရေ ၁၃၀ ကျော်ရှိပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်၊ လူထောင်ပေါင်းများစွာ အဖမ်းခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဆယ်စုနှစ် လေးစုကျော်လာပြီဖြစ်တဲ့ အစ္စလာမ္မစ် ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုရင်း အီရန်အာဏာပိုင်တွေကို နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန့်ကျင်တဲ့ ဆူပူအုံကြွမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။