မုန်တိုင်းဘေးသင့် ဖလော်ရီဒါပြည်နယ် ပြန်လည်ထူထောင်ရေးကူညီမည်ဟု သမ္မတဘိုင်ဒင်ကတိပြု

ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေးမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားမယ့်အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၅ ရက်နေ့မှာ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရန်ဒတ်စ်ဆန်းတက်စ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ကတိပြုလိုက်ပါတယ်။
ဒီမိုကရက်ပါတီရဲ့ သမ္မတဘိုင်ဒင်နဲ့ နောက်ရွေးကောက်ပွဲကျရင် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းတယောက် ဖြစ်လာနိုင်ခြေရှိတဲ့ ရန်ဒတ်စ်ဆန်းတက်စ်တို့ဟာ ကိုဗစ် ကာကွယ်ဆေးကိစ္စ၊ ရာသီဥတုပြောင်းလဲမှုကိစ္စ၊ ကိုယ်ဝန်ဖျက်ချခြင်း၊ LGBTQ တွေအရေး ကိစ္စတွေမှာ ရပ်တည်ချက်ချင်း မတူကြပါဘူး။
ဒါပေမဲ့လည်း ဖလော်ရီဒါမှာရောက်နေတဲ့ သမ္မတ ဘိုင်ဒင်က အရင်က အမြင်မတူတာတွေကို ဘေးဖယ်ထားပြီး ဖလော်ရီဒါရဲ့ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးမှာ ပြည်ထောင်စုအစိုးရက အစွမ်းကုန် ကူညီမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။
ခေါင်းဆောင်နှစ်ယောက် နွေးနွေးထွေးထွေး တွေ့ဆုံသလို မုန်းတိုင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့လည်း အတူတူတွေ့ဆုံတာ တွေ့ရပါတယ်။
ဟာရီကန်းမုန်တိုင်း Ian ကြောင့် ဖလော်ရီဒါမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ၄ သိန်းကျော် ပျက်စီးကာ စီးပွားရေးလုပ်ငန်းတွေလည်း မုန်တိုင်းဖြတ်သန်းပြီး ငါးရက်ကြာတဲ့ အင်္ဂါနေ့အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။